News

POST TYPE

FOREIGN AFFAIRS

ကဘူးလ်မြို့ Intercontinental Hotel ၁၂ နာရီကြာ စီးနင်းခံရပြီးနောက် အာဖဂန်တပ်များ ပြန်လည်ထိန်းချုပ်
22-Jan-2018
ကဘူးလ်၊ ဇန်နဝါရီ ၂၁

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Intercontinental Hotel ကို သေနတ်သမားများက ၁၂ နာရီကြာ ဝင်ရောက်စီးနင်းခံရပြီးနောက် အာဖဂန်တပ်များက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည် ဟု BBC သတင်းဌာနက ဖော်ပြသည်။

နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားခြောက်ဦး၊ တိုက်ခိုက်စီးနင်းသူသုံးဦး သေဆုံးကြောင်း တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

အဆောက်အအုံကို ပြန်လည်ထိန်းချုပ်ရန် အာဖဂန်တပ်ဖွဲ့ဝင်များ ညလုံးပေါက် ကြိုးပမ်းခဲ့ရပြီးနောက် လူ ၁၆၀ ခန့် ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။

သို့သော်လည်း အာဏာပိုင်များက စီးနင်းမှုကို အဆုံးသတ်လိုက်နိုင်ပြီဟု ကြေညာပြီးနောက်ပိုင်းတွင်လည်း သေနတ်သံများ ကြားနေရသေးကြောင်း သတင်းများထွက်ပေါ်နေသည်။

အာဖဂန်သတင်းဌာန Tolo ၏ ဖော်ပြချက်အရ သေဆုံးသူအရေအတွက်သည် တရားဝင်ထုတ်ပြန်ချက်ထက် ပိုမိုများပြားနိုင်ကြောင်း ဟိုတယ်အတွင်း အလောင်းများ ဒါဇင်ချီမြင်ခဲ့ရသည်ဆိုသော သတင်းထောက်တစ်ဦးကို ကိုးကား၍ ဖော်ပြသည်။

အာဖဂန်လေကြောင်းလိုင်း Kam Air မှ ဝန်ထမ်း ၄၂ ဦးမှာ အခင်းဖြစ်ချိန်တွင် ဟိုတယ်အတွင်းရှိနေခဲ့ပြီး ယင်းတို့အနက် အချို့မှာ နိုင်ငံခြားသားများဖြစ်ကြသည်။ ၎င်းတို့ထဲမှ ငါးဦးသေပြီဟု ယူဆရပြီး ၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။

တာလီဘန်တို့သည် ၂၀၁၁ ခုနှစ်ကလည်း အဆိုပါဟိုတယ်ကို ပစ်မှတ်ထားခဲ့ဖူးပြီး ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာလည်း ၎င်းတို့လက်ချက်ဟု ကြေညာထားသည်။တာလီဘန်တို့သည် ပြည်ပကျူးကျော်သူများနှင့် ၎င်းတို့ကြိုးဆွဲရာကသူ အများအပြား သတ်ဖြတ်နိုင်ခဲ့ကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

သေနတ်သမားများသည် စနေနေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) ဒေသစံတော်ချိန် ညကိုးနာရီခန့် ဧည့်သည်များ ညစာစားနေကြချိန်တွင် ခြောက်ထပ်ရှိသည့် ဟိုတယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

အာဖဂန်တယ်လီကွန်းဒေသဆိုင်ရာ ဒါရိုက်တာ အဇစ်တာယက်ဘ်မှာ စနေနေ့က ဟိုတယ်တွင် ပြုလုပ်သည့် အိုင်တီဆွေးနွေးပွဲတက်ရန် ရောက်ရှိနေသူများအနက်မှ တစ်ဦးဖြစ်ပြီး ဟိုတယ်မှပြန်ရန် ထွက်လာချိန်တွင် သေနတ်သမားများ ရောက်လာသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“အဲဒီအချိန်မှာ အကုန်ဝရုန်းသုန်းကား ဖြစ်ကုန်ပါတယ်။ ကျွန်တော်လည်း တိုင်တစ်တိုင်နောက်မှာ ပုန်းလိုက်တယ်၊ ခုနတုန်းကပဲ ပျော်ပါးနေကြတဲ့လူတွေဟာ အခုကျတော့ အရူးလို ပြေးလွှားနေကြပါတယ်။ တချို့တွေ ကျည်ဆန်မှန်ပြီး လဲကျကုန်ကြတယ်”ဟု တာယက်ဘ်က ပြောကြားသည်။

သေနတ်သမားများသည် ဗုံးပစ်လောင်ချာ (RPG) များ ကိုင်ဆောင်ထားကြသလို လက်နက်ငယ်များလည်း ကိုင်ဆောင်ထားခဲ့ကာ ဧည့်သည်အများအပြားကို ဓားစာခံလုပ်ခဲ့သည်ဟု ဆိုသည်။

ဝင်ရောက်စီးနင်းချိန်တွင် အခန်းတွင်းပုန်းနေသည့် ဧည့်သည်တစ်ဦးက ပထမထပ်အနီးတွင် သေနတ်သံများကြား နေရသည်ဟု AFP သတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ဧည့်သည်အချို့မှာ အိပ်ရာခင်းများကိုချည်ပြီး အပေါ်ဆုံးထပ်လသာဆောင်မှ လျှောဆင်းရန်ကြိုးပမ်းခဲ့ကြသည်။ ယင်းတို့အနက်မှတစ်ဦးမှာ လက်ချော်ပြီး အောက်ကို တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။

တောင်ကုန်းထိပ်တွင် တည်ရှိသော ဟိုတယ်မှ မီးခိုးမီးတောက်များလျှံထွက်လာပုံကို Afghan TV က ရိုက်ကူးနိုင်ခဲ့သည်။

အာဖဂန်အထူးတပ်ဖွဲ့များမှာ ညအချိန်တွင် ဟိုတယ်ခေါင်းမိုးပေါ်သို့ ရဟတ်ယာဉ်များဖြင့် ဆင်းသက်ပြီးစစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။ အနောက်နိုင်ငံများမှ အထူးတပ်ဖွဲ့များပါ ပါဝင်သည်ဟု သိရသည်။

နိုင်ငံခြားသား ၄၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်ပတ်ခန့်ကမှ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုကို လက်လွှဲပေးထားသည့် ဟိုတယ်လုံခြုံရေး အဘယ့်ကြောင့် ကျိုးပေါက်သွားရသနည်းဆိုခြင်းကို စုံစမ်းသွားမည်ဟု ပြည်ထဲရေးက ထုတ်ပြန်သည်။

သေနတ်သမားများသည် မီးဖိုချောင်အတွင်းရှိ နောက်ဖေးပေါက်မှ ခိုးဝင်လာသည်ဟု ယူဆရကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

ကဘူးလ်ရှိ အမေရိကန်သံရုံးက မြို့တွင်းရှိ ဟိုတယ်များ တိုက်ခိုက်ခံရနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စီးနင်းခံရခြင်းဖြစ်သည်။

F-03