News

POST TYPE

FOREIGN AFFAIRS

တောင်တရုတ်ပင်လယ်ပိုင်နက်ကို အမေရိကန်စစ်သင်္ဘောက ချိုးဖောက်သည်ဟု တရုတ်ပြောဆို
22-Jan-2018


ဘေဂျင်း၊ ဇန်နဝါရီ ၂၁

တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်တို့ပိုင်ဆိုင်သည်ဟု အငြင်းပွားဖွယ် တောင်းဆိုထားသည့် သောင်ခုံအနီးမှ အမေရိကန် ဖျက်သင်္ဘောတစ်စင်း ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက စနေနေ့တွင်ပြောကြားခဲ့ပြီး ဘေဂျင်းကလည်း ၎င်း၏ပိုင်နက်ကို ကာကွယ်ရန် လိုအပ်သောအစီအမံများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စကာဘရိုဟုလူသိများသည့် ဟောင်ယန်းကျွန်းမှ ရေမိုင် ၁၂ မိုင်အတွင်း ဒုံးကျည်တင် ဖျက်သင်္ဘော USS Horper ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသွားသည်။

ယခုဖြစ်ရပ်သည် တောင်တရုတ်ပင်လယ်တွင် ဘေဂျင်း၏ ပိုင်နက်တောင်းဆိုမှုများကို အမေရိကန်ရေတပ်က စိန်ခေါ်နေသည့် ခုတ်မောင်းမှုများထဲမှ နောက်ဆုံးတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားအရေး ကိုင်တွယ်ရာတွင် ဘေဂျင်း၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိရန် ထရမ့်အစိုးရက ကြိုးစားနေသည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

စကာဘရိုသောင်ခုံအနီး ရေမိုင် ၁၂ မိုင်အတွင်းမှ ဒုံးကျည်တင်ဖျက်သင်္ဘော USS Horper ခုတ်မောင်းခဲ့ခြင်းကို အမေရိကန်တာဝန်ရှိသူနှစ်ဦးက အတည်ပြုခဲ့သည်။ ရေမိုင် ၁၂ မိုင်သည် နိုင်ငံတကာက အသိအမှတ်ပြုသော ပိုင်နက်ကန့်သတ်ချက်ဖြစ်သည်။ ဖျက်သင်္ဘောခုတ်မောင်းမှုသည် နိုင်ငံတကာဥပဒေနှင့် ကိုက်ညီပြီးရပ်နားမှုမရှိဘဲ လျင်မြန်စွာ ခုတ်မောင်းခဲ့သောကြောင့် ပိုင်နက်ဆိုင်ရာ အသိအမှတ်ပြုမှုရှိသော အပြစ်ကင်းစွာဖြတ်သန်းမှုဖြစ်သည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူက ဆိုသည်။ 

အမေရိကန်ရေတပ်က ၎င်း၏ စစ်သင်္ဘောများသည် ကမ္ဘာတစ်လွှား လွတ်လပ်သော ရေကြောင်းသွားလာခွင့်အရ လုပ်ဆောင်နေခြင်းဖြစ်ပြီး နိုင်ငံရေးသဘောထားများနှင့် သတ်သတ်စီဖြစ်သည်ဟု ပြောကြားသည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ခရစ်စတိုဖာလိုဂန်က “အစီအစဉ်အားလုံးကို နိုင်ငံတကာဥပဒေနှင့် အညီလုပ်ဆောင်နေခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေက ခွင့်ပြုထားသော မည်သည့်နေရာမဆို ပျံသန်း၊ ခုတ်မောင်း၊ သွားလာမည်ဟု ညွှန်ပြခြင်းဖြစ်သည်ဟု ပြောကြားသည်။

သောကြာနေ့က ထုတ်ပြန်လိုက်သော အမျိုးသားကာကွယ်ရေး မဟာဗျူဟာသစ်၏ အဓိကအချက်အရ အမေရိကန်စစ်ဘက်သည် တရုတ်နှင့်ရုရှားကို ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်နေပြီဖြစ်သည်။

ဘေဂျင်းက ထိုမဟာဗျူဟာကို ဝေဖန်လိုက်ပြီး တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ စိုးမိုးရေးထက် လက်တွဲရေးကိုသာ ကြိုးစားနေသည်ဟု ပြောကြားလိုက်သည်။

အဆိုပါ ခုတ်မောင်းမှုသည် တရုတ်နိုင်ငံ၏အချုပ်အခြာကို ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်သင်္ဘောများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ဖျက်သင်္ဘော၏ အချက်အလက်ကို စိစစ်သိရှိပြီးနောက် အမြန်ဆုံးထွက်ခွာသွားရန် ညွှန်ကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်က ပြောကြားသွားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် အမေရိကန်စစ်သင်္ဘောများ အကြိမ်ကြိမ်ဖြတ်သန်းနေမှုသည် ဒေသတွင်းအေးချမ်းမှုနှင့် တည်ငြိမ်မှုကိုထိခိုက်စေပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

ဝါရှင်တန်မှ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးစင်တာမှ တောင်တရုတ်ပင်လယ်အရေး ကျွမ်းကျင်သူ ဂရက်ပိုလင်းက တရုတ်ကကန့်ကွက်နေပေမယ့် ပင်တဂွန်က ခြောက်ပတ်တစ်ကြိမ် ခုတ်မောင်းပြီးတော့ လွတ်လပ်စွာရေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းနေပုံရပါတယ်။ နောက်ဆုံးအကြိမ်က အောက်တိုဘာလတုန်းက ဖြစ်ပါတယ်။ မကြာမီအတွင်း အနည်းဆုံး တစ်ကြိမ် ရှိလာဦးမယ်လို့ မျှော်လင့်ရပါတယ်”ဟု မှတ်ချက်ပေးသွားသည်။ 

F-04


  • VIA