News

POST TYPE

FOREIGN AFFAIRS

ဘတ်ဂျက်သဘောတူညီချက် မရသောကြောင့် အမေရိကန် ဗဟိုအစိုးရယန္တရား ရပ်ဆိုင်း
22-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၂၁

ဘဏ္ဍာနှစ်သစ်အတွက် ရသုံးမှန်ခြေစာရင်း (ဘတ်ဂျက်) သစ်ကို အထက်လွှတ်တော်တွင် အတည်မပြုနိုင်ခဲ့သောကြောင့် အမေရိက ဗဟိုအစိုးရယန္တရား ရပ်ဆိုင်းသွားခဲ့ပြီး အစိုးရဝန်ဆောင်မှု အများအပြား ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း BBC သတင်းက ဖော်ပြသည်။

ဘတ်ဂျက်ညှိနှိုင်းမှု မပြေလည်မီ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ပြည်ထောင်စုအစိုးရကို ထောက်ပံ့ပေးရေး ဥပဒေကြမ်းသည်လည်း လိုအပ်သော မဲ ၆၀ မပြည့်သောကြောင့် အတည်မပြုနိုင်ခဲ့ပေ။ ရွှေ့ပြောင်းအခြေချမှုပြဿနာနှင့် နယ်စပ်လုံခြုံရေးကိစ္စတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် နှစ်ပါတီအမတ်များ ညှိနှိုင်းမှုမပြေလည်သောကြောင့် ယခုပြဿနာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ယင်းမှာ ရီပတ်ဘလစ်ကန် တစ်ပါတီတည်းက လွှတ်တော်ရော အိမ်ဖြူတော်ကိုပါ လွှမ်းမိုးထားနိုင်ချိန်တွင် ပထမဆုံးကြုံတွေ့ရသည့် အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်သည်။ 

ယင်းရပ်ဆိုင်းမှုမှာ ပြည်ထောင်စု အစိုးရကခန့်အပ်သော ဝန်ထမ်းများအားလုံးအပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်သလို ပြည်ထောင်စုအစိုးရက လူထုအတွက် ဆောင်ရွက်ပေးရသော အများပြည်သူ ဝန်ဆောင်မှု အများအပြားလည်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။

အိမ်ဖြူတော်ကမူ ဒီမိုကရက်များသည် နိုင်ငံရေးကို အမျိုးသားလုံခြုံရေး၊ စစ်ဘက်မိသားစုများ၊ အန္တရာယ်ကြုံရနိုင်သော ကလေးငယ်များနှင့် မိမိတို့တိုင်းပြည်၏ အမေရိကန်နိုင်ငံသား အားလုံးအပေါ် ဝန်ဆောင်နိုင်စွမ်းထက် အလေးထားနေသည်ဟု စွပ်စွဲခဲ့သည်။

သို့သော်လည်း အထက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် ချက်ရှူမာကမူ သမ္မတ ဒေါ်နယ်ထရမ့်သည် နှစ်ပါတီ အပြန်အလှန် သဘောတူညီချက်ကို ပယ်ချခဲ့သလို လွှတ်တော်တွင် သူ့ပါတီဘက်ကို ဖိအားပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

နောက်ဆုံးကြုံခဲ့ရသည့် အစိုးရယန္တရားရပ်ဆိုင်းမှုမှာ ၂၀၁၃ ခုနှစ် သမ္မတ ဘားရက်အိုဘားမား လက်ထက်ကဖြစ်ပြီး ထိုစဉ်က ၁၃ ရက်မျှ ကြာမြင့်ခဲ့သည်။

အစိုးရယန္တရား ရပ်ဆိုင်းမှုဆိုသည်မှာ 
ဇန်နဝါရီလ ၂၀ ရက်နေ့မှစပြီး ပြည်ထောင်စုအစိုးရ အေဂျင်စီအများအပြားမှာ ပိတ်ထားရမည်ဖြစ်သည်။ သို့သော်လည်း မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကိုမူ ဖွင့်ပေးထားမည်ဖြစ်သည်။

အိုးအိမ်၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဌာနများ၏ ဝန်ထမ်းအများစုမှာ အိမ်တွင်သာ နေကြရမည်ဖြစ်သည်။ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ပို့ဆောင်ရေးဌာနများမှ ဝန်ထမ်းထက်ဝက်ခန့်မှာလည်း ဇန်နဝါရီလ ၂၂ ရက်နေ့မှစပြီး အလုပ်တက်ရတော့မည် မဟုတ်ပေ။

အမျိုးသားဥယျာဉ်များ၊ အထိမ်းအမှတ်များကိုလည်း ပိတ်ထားရနိုင်ပြီး ၂၀၁၃ ခုနှစ်က အလားတူဖြစ်စဉ်ကြောင့် လူထု၏ ဒေါသတကြီးတုံ့ပြန်မှုနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ဗီဇာနှင့်ပတ်စ်ပို့ ထုတ်ပေးမှု လုပ်ငန်းစဉ်များလည်း နှောင့်နှေးနိုင်သည်။သို့သော်လည်း လူသားအသက်အိုးအိမ်ကို ကာကွယ်သော မရှိမဖြစ် ဝန်ဆောင်မှုများမှာမူ ဆက်လက်လည်ပတ်ရမည်ဖြစ်ပြီး ယင်းအထဲတွင် အမျိုးသားလုံခြုံရေး၊ စာတိုက်၊ လေကြောင်းထိန်းချုပ်ရေး၊ အတွင်းလူနာ ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ် ပြင်ပလူနာကုသမှု၊ သဘာဝ ဘေးအန္တရာယ်ကူညီမှု၊ အကျဉ်းထောင်များ၊ အခွန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတို့ဖြစ်သည်။

ဘာကြောင့် သဘောတူညီချက်မရသလဲ
အဓိကပြဿနာမှာ ဒီမိုကရက်များ၏ တောင်းဆိုချက်ဖြစ်သော Dreamers ဟု ထင်ရှားသည့် အမေရိကန်သို့ အထောက်အထားမဲ့ ဝင်ရောက်လာသော အရွယ်မရောက်သေးသူ ၇ သိန်းခန့်ကို ပြန်ပို့မည့်အရေးမှ ဟန့်တားကာကွယ်ရေးကိစ္စ ဖြစ်သည်။ 

၎င်းတို့ကို သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ထူထောင်ခဲ့သော အစီအစဉ်အရ ယာယီတရားဝင် အဆင့်အတန်းပေးထားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်မူ ထရမ့်က ယင်းအစီအစဉ်ကို ရုပ်သိမ်းခဲ့ပြီး မတ်လမတိုင်မီ အစားထိုးအစီအစဉ်တစ်ရပ် ရေးဆွဲရန် လွှတ်တော်ကို လွှဲအပ်ခဲ့သည်။

ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတနှင့် လွှတ်တော်အမတ်များသည် ဒီမိုကရက်တို့ တောင်းဆိုသော ယင်းအချက်ကို အသုံးပြုပြီး အပြန်အလှန်အနေနှင့် ၎င်းတို့လိုလားသော နယ်ခြားထိန်းချုပ်မှု တင်းကျပ်ရေးနှင့် ထရမ့်အဆိုပြုထားသော မက္ကဆီကို နယ်စပ်တံတိုင်းကာမည့် အစီအစဉ်ကို ဒီမိုကရက်တို့ဘက်က သဘောတူပေးရမည်ဟု ပြန်လှန်တောင်းဆိုခဲ့သည်။

ထို့အပြင် ဝင်ငွေနိမ့်မိသားစုများမှ ကလေးများအတွက် ကျန်းမာရေးအာမခံ အစီအစဉ်ကို ခြောက်နှစ်သက်တမ်းတိုးမည့် ဥပဒေကြမ်းတစ်ရပ်ကိုပါ ရီပတ်ဘလစ်ကန်တို့ဘက်က ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း ဒီမိုကရက်တို့က ထိုအစီအစဉ်ကို အမြဲတမ်းအစီအစဉ်အဖြစ် အတည်ပြုပေးစေလိုခဲ့သည်။

ယင်းသို့ အပြန်အလှန်အလျှော့ပေးသည့်နည်းဖြင့် ပြေလည်စေရန် အိမ်ဖြူတော်တွင် ထရမ့်နှင့် နှစ်ဖက်ပါတီ ခေါင်းဆောင်များ ညှိနှိုင်းခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ထရမ့်က မသတီစရာ“ချေးတွင်းပေါက်တိုင်း ပြည်များ” မှ ရွှေ့ပြောင်းအခြေချသူများကို ဘာကြောင့်ဝင်ခွင့်ပေးရမည်နည်းဟု မေးခွန်းထုတ်ခဲ့ပြီး ရေရာသော အဖြေမထွက်ခဲ့ပေ။

ယခုလွှတ်တော်တွင်လည်း ထိုသို့ အပြန်အလှန် အလျှော့ပေးသဘောတူရန် ညှိမရသောကြောင့် ဘတ်ဂျက်သစ် ကျမလာခြင်းဖြစ်သည်။

အခုဘာဖြစ်နေသလဲ
အပြန်အလှန် အပြစ်ဖို့နေသော်လည်း ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် ခေါင်းဆောင်များက ယခုစနေ၊ တနင်္ဂနွေတွင် ဆက်လက်ဆွေးနွေးသွားမည်ဟု ပြောကြားထားသည်။

စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး အကြီးအကဲ မစ်မူလ်ဗာနီက တနင်္လာနေ့ အစိုးရရုံးများ ပြန်မဖွင့်မီ ပြေလည်ရန် အခြေအနေကောင်းသည်ဟု ပြောကြားထားသည်။

သို့သော်လည်း အိမ်ဖြူတော်ကမူ သောကြာနေ့ သန်းခေါင်ကျော်သည်အထိ မပြေမလည်ဖြစ်အပြီးတွင် တင်းမာသော ရပ်တည်ချက်ကို ကိုင်စွဲထားသည်။ ဒီမိုကရက်တို့က တရားဝင် နိုင်ငံသားများကို ဓားစာခံလုပ်ပြီး တရားမဝင်ရွှေ့ပြောင်းသူများ၏ အဆင့်အတန်းကိစ္စညှိနှိုင်းရန် ကြိုးပမ်းမှုကို လက်မခံဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

သမ္မတသက်တမ်းအလယ် ရွေးကောက်ပွဲ (လေးနှစ်သက်တမ်းမှ နှစ်နှစ်ပြည့်ချိန်) မှာ ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ နှစ်ပါတီစလုံးက အစိုးရယန္တရားရပ်ဆိုင်းရမှုအတွက် တရားခံဖြစ်မည်ကို မလိုလားကြပေ။

၂၀၁၃ တုန်းက ဘယ်လိုဖြစ်ခဲ့သလဲ
၁၆ ရက်တာ ကာလအတွင်း ပြည်ထောင်စုအစိုးရ ဝန်ထမ်းအများအပြား ခွင့်ခံစားခဲ့ရသည်။ ဝန်ထမ်း ၈ သိန်းခွဲအထိ အလုပ်မတက်ရသည့် ရက်မျိုးပင်ရှိခဲ့သည်။ ယင်းအတွက်ကြောင့် အစိုးရသည် ကုန်ထုတ်စွမ်းအား တန်ဖိုးအရ ဒေါ်လာ ၂ ဘီလီယံမျှ နစ်နာခဲ့ရပြီး စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့သည်။

ထိုစဉ်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒေါ်နယ်ထရမ့်က ထိုစဉ်ကသမ္မတ ဘားရက်အိုဘားမားကြောင့် ဖြစ်ရသည်ဟု အပြစ်ဖို့ခဲ့သည်။

“ဒီပြဿနာက ထိပ်ဆုံးကလာတာ ထိပ်ဆုံးက ရှင်းရမယ်။ သမ္မတက ခေါင်းဆောင်ပဲ၊ လူတိုင်းကို အခန်းထဲခေါ်ပြီး သူဦးဆောင်ရှင်းရမယ်”ဟု ထရမ့်က ပြောခဲ့ဖူးသည်။  

F-03



  • VIA