News

POST TYPE

FOREIGN AFFAIRS

ထရမ့်အာဏာရလာပြီး ဒုတိယနှစ်အဝင်တွင် တစ်နိုင်ငံလုံးအမျိုးသမီးများ ဆန္ဒပြကြပြန်
22-Jan-2018


နယူးယောက်၊ ဇန်နဝါရီ ၂၁

သမ္မတအဖြစ် အာဏာရရှိမှု တစ်နှစ်ပြည့်သွားသည့် ဒေါ်နယ်ထရမ့်ကို ကန့်ကွက်သည့် ဒုတိယအကြိမ် အမျိုးသမီးထု ချီတက်စုဝေးပွဲများကို စနေနေ့က အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ရာ အမျိုးသမီးထောင်ပေါင်းများစွာနှင့် ၎င်းတို့၏ အမျိုးသားထောက်ခံသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်၊ ချီကာဂိုအပါအဝင် မြို့ကြီး ၂၅၀ ခန့်တွင် ထရမ့်ကို ဝေဖန်ရှုတ်ချသော လူထုစည်းဝေးပွဲများကို တစ်ပြိုင်နက် စီစဉ်ကျင်းပကာ နိုဝင်ဘာလ ကွန်ဂရက်ရွေးကောက်ပွဲများတွင် မဲပေးကြရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရပ်ခြား မြို့တော်များတွင်လည်း အလားတူစုဝေးပွဲများကို ပြုလုပ်ခဲ့ကြသည်။

လော့စ်အိန်ဂျယ်လိစ် ချီတက်ပွဲတွင်ပါဝင်သူ သရုပ်ဆောင် အီဗာလောင်ဂိုရီယာက “ရှင်ရဲ့မဲဟာ ရှင့်ရဲ့ အင်အားတစ်ခုပါ။ မဲပေးခွင့်ရှိသူတိုင်း မဲပေးကြရမယ်”ဟု ပြောကြားသည်။

ထရမ့်ကလည်း “ကျုပ်တို့ရဲ့ ကြီးကျယ်တဲ့တိုင်းပြည်မှာ ဒီနေ့ ရာသီဥတုက ကောင်းနေတယ်။ အမျိုးသမီးချီတက်ပွဲအတွက် အံကိုက်ပဲပေါ့။ သမိုင်းဝင်တဲ့ အခမ်းအနားနဲ့ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ မျှော်လင့်မထားတဲ့ စီးပွားရေးတိုးတက်မှုတွေကို ဂုဏ်ပြုဖို့ အဲဒီကိုသွားကြပါ။ အမျိုးသမီးအလုပ်လက်မဲ့နှုန်းကလည်း ၁၈ လအတွင်း အနိမ့်ဆုံးဖြစ်သွားပြီလေ”ဟု Twitter တွင် ပြောဆိုလိုက်သည်။

အမျိုးသမီးအလုပ်လက်မဲ့နှုန်းသည် ဒီဇင်ဘာလအတွင်း ၃ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိကာ တစ်မျိုးသားလုံး အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားသည်ဟု အလုပ်သမားဌာနက ထုတ်ပြန်ထားသည်။

သို့တိုင်အောင် ဝါရှင်တန်သို့ အလည်ရောက်နေသည့် တင်နက်ဆီပြည်နယ်မှ ရှေ့နေကေတီအိုကော်နာ ၃၉ နှစ်က “ဒီအစိုးရကအမျိုးသမီးတွေ ကောင်းကျိုးကို လုပ်လိမ့်မယ်လို့ ကျွန်မမယုံကြည်ဘူး”ဟု ပြောကြားသည်။

ဆန္ဒပြပွဲတွင် အမျိုးသမီးများဝတ်ဆင်ကြသော ပန်းရောင်ပူစီဦးထုပ်များသည် ထရမ့်က အမျိုးသမီးအင်္ဂါကိုပူစီဟု ခေါ်ဝေါ်ခဲ့မှုကို ရည်ညွှန်းခြင်းဖြစ်ပြီး ပူစီဦးထုပ်သည် မနှစ်ကစ၍ အမျိုးသမီးများ၏ ထရမ့်ဆန့်ကျင်ရေးသင်္ကေတ ဖြစ်လာခဲ့သည်။

လူမှုမီဒီယာများတွင် အမျိုးသမီးများ လိင်ပိုင်းစော်ကားနှောင့်ယှက်ခံရမှုကို ဆန့်ကျင်သည့် MeToo နှင့် TimesUp လှုပ်ရှားမှုများ မြင့်တက်လာခြင်းနှင့်အတူ စနေနေ့က ချီတက်စုဝေးပွဲများသည် အမျိုးသမီးအခွင့်အရေးအတွက် အရေးကြီးသည့်နှစ်အဖြစ် ထင်ဟပ်နေသည်ဟု အများက ရှုမြင်ကြသည်။

စနေနေ့က ဟောပြောသူများသည် လိင်ပိုင်းနှောင့်ယှက်စော်ကားမှု အကြောင်းအရာကို အဓိကဟောပြောခဲ့ကြပြီး အမျိုးသမီးများ စော်ကားခံရမှုကို ကျင့်သားရနေသည့် ဓလေ့တစ်ခုသဖွယ် ရှုမြင်နေမှုကို တိုက်ဖျက်ကြရန် အမေရိကန်ပြည်သူအားလုံးကို တိုက်တွန်းခဲ့ကြသည်။

“မိန်းကလေးတစ်ဦး စော်ကားခံရပြီဆိုရင် သူတစ်ယောက်တည်း ကာကွယ်နေရပြီဆိုတဲ့ သဘောပဲ။ ကျွန်မတို့ အမြဲတမ်း ရှင့်ဖက်မှာရှိတယ်။ ရှင့်ဘေးမှာရှိတယ်။ ရှင်တစ်ယောက်တည်းမဟုတ်ဘူး”ဟု သရုပ်ဆောင်မော်ဒယ် အိုလီဗီယာမန်းက ပြောကြားသည်။

အမျိုးသမီးစုဝေးပွဲတွင် တက်ရောက်သူ ငါးသိန်းခန့်ရှိပြီး တိုင်းပြည်တွင် အကြီးမားဆုံးချီတက်ပွဲဖြစ်သည်ဟု လော့စ်အိန်ဂျယ်လိစ် မြို့တော်ဝန် အီရစ်ဂါဆက်က ပြောကြားသည်။

မနှစ်ကထက် အနည်းငယ်သာလျော့သည့် ဝါရှင်တန်စုဝေးပွဲတွင် ဒီမိုကရက်အမတ် နန်စီပီလိုဆီက “ဒီသမ္မတက တစ်နှစ်တော့ပြည့်သွားပြီ။ ကျွန်မတို့ သူ့ရဲ့ စွမ်းဆောင်ရည်ကို စာမေးပွဲကျတဲ့အဆင့် ပေးလိုက်ကြရအောင်။ ကျွန်မတို့ ခံနေလို့မဖြစ်ဘူး။ စည်းရုံးကြရမယ်”ဟု ပြောဆိုခဲ့သည်။

၂၀၁၇ နှစ်ဆန်း ထရမ့်အာဏာရကာစတွင် ပြုလုပ်သော နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများတွင် လူ ၅ သန်းခန့် ပါဝင်ခဲ့ရာ သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်သည်။

ချီကာဂိုဂရန့်ပန်းခြံတွင် ပြုလုပ်သော စုဝေးပွဲတွင်မူ တက်ရောက်သူအရေအတွက်သည် ယခင်နှစ်ကဲ့သို့ နှစ်သိန်းနှင့် သုံးသိန်းအကြားရှိမည်ဟု မြို့တော်အာဏာပိုင်များက ခန့်မှန်းသည်။

၁၄ နှစ်အရွယ် သမီးဘယ်လီနှင့်အတူ အီလီနွိုက်စ်မှ လာရောက်ဆင်နွှဲသူ ဆော့ဖ်ဝဲအရောင်းဝန်ထမ်း မီရှယ်လ်ဆောင် ဒါက “လူနည်းသွားတာဟာ စိတ်မဆိုးကြတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီအစိုးရနဲ့ မူဝါဒတွေကို ကျွန်မတို့ မကြိုက်ဘူးဆိုတာ သိစေချင်တယ်”ဟု ပြောကြားသည်။

ချီတက်ပွဲစီစဉ်သူများက ထရမ့်၏ အံ့အားသင့်ဖွယ် သမ္မတရွေးပွဲအနိုင်ရမှုအပြီး ဖြစ်ပေါ်လာသော အန်တုလိုစိတ်များအပေါ်တွင် အားအင်ကိုတည်ဆောက်ကာ နိုဝင်ဘာလ ကွန်ဂရက်ရွေးကောက်ပွဲများတွင် တိုးတက်သောအမတ်လောင်းများ အနိုင်ရရှိရေးအတွက် သွန်းလောင်းပေးရန် မျှော်မှန်းနေကြခြင်းဖြစ်သည်။

၎င်းတို့က မဲဆန္ဒရှင်အသစ် တစ်သန်းခန့် လာရောက်မဲပေးစေလိုပြီး အမျိုးသမီးအရေး လှုပ်ရှားသူများလွှတ်တော်တွင် နေရာရလာစေရန် မျှော်လင့်ထားကြသည်။

F-04