News

POST TYPE

FOREIGN AFFAIRS

ဟွန်ဒူးရပ်စ်တွင် ရွေးကောက်ပွဲရလဒ် အငြင်းပွားရာမှ အဓိကရုဏ်းဖြစ်
21-Jan-2018

တယ်ဂူဆီဂယ်လ်ပါ၊ ဇန်နဝါရီ ၂၁

ဟွန်ဒူးရက်စ်တွင် နိုဝင်ဘာလသမ္မတ ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားနေကြသော ဆန္ဒပြသူများနှင့် လုံထိန်းတပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားပြီး ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ရဲများက လမ်းများကို ပိတ်ဆို့ထားသော မီးရှို့ထားသည့်တာယာများကို ဖယ်ရှားခဲ့ပြီး မျက်ရည်ယိုဗုံးများ ပစ်ခွဲကာ လူစုခွဲခဲ့ရသည်။ ဆန္ဒပြသူတစ်ဦးမှာ ဆာဘာမြို့ မြောက်ပိုင်းတွင် သေဆုံးခဲ့ပြီး မဲ ရှုံးနိမ့်ခဲ့သော အတိုက်အခံဘက်မှ သမ္မတလောင်းကို ထောက်ခံသူများ ဦးဆောင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း သမ္မတရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ဟွမ်အော်လန်ဒို ဟာနန်ဒက်ဇ် အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

မြို့တော် တယ်ဂူဆီဂယ်လ်ပါနှင့် ၂၁၀ ကီလိုမီတာ(မိုင် ၁၃၀) ခန့်ဝေးသော ဆာဘာမြို့တွင် လမ်းပိတ်ဆို့ထားသောကြောင့် ရဲများက ပစ်ခတ်ဖယ်ရှားရာ အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦး သေဆုံးခဲ့ရပြီး အခြားလူတစ်ဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဆာဘာရှိ ပြည်တွင်း NGO အဖွဲ့တစ်ခုမှ စနေနေ့တွင် တင်ပြခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ရှုံးနိမ့်ခဲ့သော အတိုက်အခံခေါင်းဆောင် ဆယ်လ်ဗေဒေါ နက်စ်ရယ်လာကို ထောက်ခံသူများက မဲရေတွက်ခဲ့သော ရွေးကောက်ပွဲ ခုံရုံးအပေါ်တွင်လည်း သံသယရှိနေကြသည်။

ရွေးကောက်ပွဲခုံရုံးကို သမ္မတ ဟာနက်ဒက်ဇ်၏ အမျိုးသားပါတီက ထိန်းချုပ်ထားသော လွှတ်တော်က ခန့်အပ်ခဲ့ခြင်းကြောင့် အတိုက်အခံတို့ဘက်က သံသယ ရှိနေကြခြင်းဖြစ်သည်။

မဲစတင် ရေတွက်သည့်အချိန်တွင် နက်စ်ရယ်လာ ဦးဆောင်နေခဲ့ပြီး ခဏအကြာတွင် ဟာနန်ဒက်စ် မဲ အရေအတွက် ပြန်များခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များ မဲ ရလဒ်လိမ်ခဲ့သည်ဟု နက်စ်ရယ်လာ စွပ်စွဲခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်များကြောင့် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။Amnesty International လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အဓိကရုဏ်းတွင် လူ ၁၄ ဦး သေဆုံးခဲ့သည်ဟုဆိုသော်လည်း ရဲများက သုံးဦးသာ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

သမ္မတ ဟာနန်ဒက်ဇ်ဟာ ၂၀၁၃ ခုနှစ်မှစ၍ အာဏာရခဲ့သူဖြစ်ပြီး ဒုတိယတစ်ကြိမ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုကို တရားရုံးချုပ်က ဖယ်ရှားပေးပြီးနောက် ဒုတိယသက်တမ်းအတွက် ပထမဆုံးအကြိမ် ထပ်မံ ယှဉ်ပြိုင်ခွင့်ရသူ သမ္မတဖြစ်သည်။

F-06