News

POST TYPE

FOREIGN AFFAIRS

ထရမ့်၏ မွတ်ဆလင်ခြောက်နိုင်ငံ ခရီးသွားပြည်ဝင်ခွင့်ပိတ်သည့်ကိစ္စ တရားရုံးချုပ် ဆုံးဖြတ်မည်
21-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၂၀

မွတ်ဆလင်လူများစု ခြောက်နိုင်ငံမှ နိုင်ငံသားများကို ပစ်မှတ်ထားသော ခရီးသွားပြည်ဝင်ခွင့် ပိတ်ပင်သည့်အမိန့် တရားဝင်၊ မဝင်ကို ဆုံးဖြတ်ရန် တရားရုံးချုပ်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သဘောတူလိုက်ခြင်းဖြင့် သမ္မတ၏ အခွင့်အာဏာနှင့် ပတ်သက်သော အကြီးစားအားပြိုင်ပွဲကို စတင်တာ လွှတ်လိုက်ပြီဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

လက်ရှိတွင် ကွန်ဆာဗေးတစ်ဝါဒီ တရားသူကြီးများ လူများစုဖြစ်နေသည့် တရားရုံးချုပ်သည် ဧပြီလတွင် ကြားနာမှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး ဇွန်လကုန်တွင် စီရင်ချက်ချမည်ဖြစ်သည်။ ထရမ့်၏အမိန့်သည် ပြည်ထောင်စု ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဥပဒေ သို့မဟုတ် အမေရိကန်အခြေခံဥပဒေပါ ဘာသာရေးခွဲခြား ဆက်ဆံမှုအပေါ် ကန့်သတ်ထားခြင်းနှင့် ငြိစွန်းမှု ရှိ၊ မရှိကို တရားရုံးချုပ်က ဆုံးဖြတ်ပေးမည်ဖြစ်သည်။

စက်တင်ဘာလတွင် ကြေညာခဲ့သော ထရမ့်၏မူဝါဒတွင် အမေရိကန်ပြည်ထောင်စုသို့ ချဒ် (အာဖရိကတိုက်မှ)၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယား၊ ယီမင် မွတ်ဆလင်လူများစုနိုင်ငံ ခြောက်နိုင်ငံမှ ပြည်သူများ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

ထရမ့်သည် ဆင်တူသော်လည်း ပိတ်သည့် နိုင်ငံမတူသည့် အမိန့်မျိုး သုံးကြိမ်တိတိ ထုတ်ခဲ့ဖူးပြီး တစ်ခု အတားခံရတိုင်း နောက်တစ်ခု ထပ်ထုတ်ခဲ့ခြင်းဖြစ်ရာ ယခု ကြားနာမှုသည် ထရမ့်၏ တတိယအကြိမ် ထုတ်ပြန်သောအမိန့်ကို အတည်ယူပြီး တရားဝင်၊ မဝင် အဆုံးအဖြတ်ပေးရန် ကြားနာမှုဖြစ်သည်။

အစောပိုင်းတွင် အောက်ရုံးများတွင် ထရမ့်အမိန့် တစ်ခါထုတ်လျှင် တစ်ခါ ဟန့်တားခံရပြီး အရေးမလှဖြစ်နေခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင်မူ တရားရုံးချုပ်က ထရမ့်၏အမိန့် တရားဝင်၊ မဝင် မဆုံးဖြတ်ရသေးမီ ကန့်ကွက်မှုများကို စစ်ဆေးနေသည့်ကာလအတွင်း အာဏာသက်ဝင်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ထရမ့်၏အမိန့်မှာ ယာယီအားဖြင့် အကန့်အသတ်နှင့် အာဏာသက်ဝင်သွားခဲ့သည်။ ထိုစဉ်က တရားရုံးချုပ် တရားသူကြီး ကိုးဦးတွင် ရမဲ - ၂ မဲ ဖြင့် ဆုံးဖြတ်ချက် ကျခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အပြီးအပြတ် အဆုံးအဖြတ်မှာမူ ကန့်ကွက်သည့်ဘက်၊ ထောက်ခံသည့်ဘက် အပြန်အလှန် ကြားနာစစ်ဆေးမှုများအဆုံးတွင်မှ ပေါ်ထွက်လာမည် ဖြစ်သည်။

F-03