News

POST TYPE

FOREIGN AFFAIRS

စစ်အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြမည့်သူများကို ထိုင်းရဲတပ်ဖွဲ့ဝင်ရာနှင့်ချီ၍ ပိတ်ဆို့
21-Jan-2018


ဘန်ကောက်၊ ဖန်နဝါရီ ၂၀

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့မှ အရှေ့မြောက်ပိုင်းဒေသရှိ ခွန်ကီယန်မြို့သို့ ချီတက်ကြမည့် ဆန္ဒပြသူများကို ထိုင်းရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက ပိတ်ဆို့ဟန့်ထားခဲ့ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းဖြစ်ရပ်သည် စစ်အုပ်ချုပ်ရေးကျင့်သုံးနေသည့် ကာလအတွင်း ရှားပါးသည့် လူထုဆန္ဒပြချီတက်ပွဲတစ်ရပ်လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်ကတည်းက အာဏာသိမ်းပိုက်ထားခဲ့သည့် စစ်အစိုးရကလည်း ထိုင်းနိုင်ငံတွင်း ဆန္ဒပြမှုနှင့် လူစုလူဝေးပြုလုပ်မှုတို့ကို ကန့်သတ်ပိတ်ပင်သော အမိန့်များ ထုတ်ပြန်ထားသည်။ 

ယခုလို ဘန်ကောက်မြို့မှ ခွန်ကီယန်မြို့သို့ ချီတက်ကြမည့် လူအုပ်ကြီးကို ရဲအင်အားမြောက်မြားစွာဖြင့် ပိတ်ပင်တားမြစ်မှုသည် ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာမှုကို ဖော်ကျူးရာရောက်သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ထို့ပြင် တော်ဝင်မိသားစုနှင့်ပတ်သက်သော ဥပဒေချိုးဖောက်သူများအပေါ် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်နေခြင်းအတွက်လည်း စိုးရိမ်မကင်းဖြစ်မိသည်ဟု ကုလသမဂ္ဂကဆိုသည်။ စစ်အစိုးရလက်ထက် ထုတ်ပြန်သော ထိုင်းဥပဒေ ပုဒ်မ ၁၁၂ အရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခွင့်မရှိပေ။ 

“စစ်အစိုးရအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်ဆွဲနေတယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှာရှိတဲ့သူတွေ အားလုံးဟာ စစ်ဗိုလ်ချုပ်တွေချည်းပါပဲ။ စစ်ဗိုလ်ချုပ်ဆိုတာ စစ်ဗိုလ်ချုပ်ပါပဲ”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“အဲတော့ ကျွန်တော်တို့တွေ လက်ချင်းချိတ်ပြီး ဆန္ဒပြကြပါစို့။ ကျွန်တော်တို့တွေဟာ မိတ်ဆွေသူငယ်ချင်းတွေပါ”ဟု ၎င်းက အင်အား ၂၀၀ ကျော်ခန့်ရှိသည့် ဆန္ဒပြလူအုပ်ကြီးကိုပြောကြားသည်။ ၎င်းတို့သည် ဘန်ကောက်မြောက်ပိုင်းခရိုင်၊ ရန်ဆစ်မြို့နယ်ရှိ သာမာဆက်တက္ကသိုလ်တွင် စုရုံးခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါဆန္ဒပြပွဲကို Facebook လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူ မြောက်မြားစွာက Share ခဲ့ကြသည်။ ယင်းဗီဒီယိုကို ကြည့်ရှုမှုအကြိမ် ၃၂၀၀၀ ကျော်ရှိခဲ့သည်ဟုလည်း ဆိုသည်။

F-01