News

POST TYPE

FOREIGN AFFAIRS

ဩစတြေးလျ ရေကူးသမားနှစ်ဦးကို ဒရုန်းဖြင့် ပထမဆုံး အသက်ကယ်
21-Jan-2018


ဆစ်ဒနီ၊ ဇန်နဝါရီ ၂၀

ဩစတြေးလျနိုင်ငံတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ဒရုန်းအသုံးပြုမှုကို လေ့ကျင့်နေဆဲဖြစ်သော်လည်း ဆယ်ကျော်သက်လူငယ်နှစ်ဦးကို အသစ်စက်စက် အသက်ကယ်ဒရုန်းဖြင့် ကယ်ဆယ်နိုင်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

နယူးဆောက်သ်ဝေးပြည်နယ် လင်နော့စ်ဟက်ကမ်းခြေမှ မီတာ ၇၀၀ အကွာတွင် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး အသည်းအသန်ဖြစ်နေသည်ကို ပြည်သူတစ်ဦးက ညွှန်ပြခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများက အသက်ကယ်လေအိတ်ကို ဒရုန်းအသုံးပြု၍ ချက်ချင်းပို့ပေးခဲ့ရာ ကမ်းခြေသို့ ထိုလူငယ်နှစ်ဦး ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ကြသည်။

ပြည်နယ်ဒုတိယဝန်ကြီးချုပ် ဂျွန်ဘာရီလာရိုက “ဒါက သမိုင်းမှတ်တမ်းဝင်တဲ့ ကယ်ဆယ်မှုပါ။ ရေကူးသမားတွေကို ကယ်ဖို့ အသက်ကယ်လေအိတ်ကို ဒရုန်းနဲ့ပို့ပေးတာမျိုး အရင်က မရှိခဲ့ဖူးဘူး”ဟု ပြောကြားသည်။

အချက်ပေးဥဩဆွဲကာ လေအိတ်ကို သယ်ဆောင်သွားသော ဒရုန်းကို ထိန်းကျောင်းမောင်းနှင်ခဲ့သည့် ကမ်းခြေကယ်ဆယ်ရေးအဖွဲ့မှူး ဂျိုင်းရှာရီဒန်က “တကယ်ကို မယုံနိုင်စရာပါပဲ”ဟု မှတ်ချက်ပေးသည်။

“ကယ်ဆယ်ရေးဒရုန်းယာဉ်က အံ့ဩစရာကောင်းလောက်အောင် ထိရောက်မှုရှိတဲ့ အသက်ကယ်ကိရိယာဖြစ်ကြောင်း ဒီနေ့ သက်သေပြခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဒရုန်း စတင်ပျံတက်ကာ ကယ်ဆယ်ရမည့်နေရာသို့ ပျံသန်းပြီး လေအိတ်ကိုချပေးခဲ့သည်အထိ စုစုပေါင်းအချိန် တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ ကြာမြင့်သည်ဟု မစ္စတာရှာရီဒန်က ပြောကြားသည်။ ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာကလည်း ကယ်ဆယ်မှုဖြစ်စဉ် တစ်ခုလုံးကို မှတ်တမ်းတင်ပေးခဲ့သည်။

အခြားနည်းလမ်းဖြင့် ကယ်ဆယ်မည်ဆိုပါက ထိုလူငယ်နှစ်ဦးထံ ရောက်ရှိရန် ကြာမြင့်ချိန် အနည်းဆုံး သုံးဆပိုကြာမည်ဟု ဆိုသည်။

နယူးဆောက်သ်ဝေးပြည်နယ် အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းသုံး ဒရုန်းများ ဝယ်ယူထားရှိရန်အတွက် အမေရိကန် ဒေါ်လာ ၃၄၀,ဝ၀၀ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ဒီဇင်ဘာလက ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါကယ်ဆယ်ရေး ဒရုန်းယာဉ်အချို့တွင် ငမန်းသတိပေးကိရိယာများ တပ်ဆင်ထားပြီး အချို့ဒရုန်းများတွင် ကယ်ဆယ်ရေးလေအိတ်၊ အန္တရာယ်အချက်ပေး ကိရိယာများ၊ စပီကာများ တပ်ဆင်ထားသည်။  
 
F-04


  • VIA