News

POST TYPE

FOREIGN AFFAIRS

ပြည်ပြေး ကတ်တလန်ခေါင်းဆောင်က နိုင်ငံခြားမှနေ၍ အုပ်ချုပ်နိုင်သည်ဟု ပြောဆိုမှုကို မက်ဒရစ်အစိုးရက ပယ်ချ
21-Jan-2018


မက်ဒရစ်၊ ဇန်နဝါရီ ၂၀

ပြည်ပတွင် တိမ်းရှောင်နေသော ကတ်တလန်ခေါင်းဆောင်ဟောင်းက ၎င်းအနေနှင့် ဒေသန္တရ အကြီးအကဲအဖြစ် ပြန်လည်ရွေးချယ်ခြင်း ခံရပါက ဘရပ်ဆယ်မှနေ၍ စီမံအုပ်ချုပ်နိုင်သည်ဟု သောကြာနေ့က ပြောဆိုခဲ့ရာ ထိုကဲ့သို့ ဖြစ်ခွင့်ရမည်မဟုတ်ဟု စပိန်အစိုးရက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စပိန်သို့ ပြန်လာပါက ခွဲထွက်ရန် ပုန်ကန်မှုဖြင့် တရားစွဲဆိုခြင်းခံရမည့် ကတ်တလန်ခေါင်းဆောင် ချားလ်စ်ပူဒီမောင့်၏ ထောက်ခံသူများက ၎င်းသည် ဗီဒီယိုလင့်မှတစ်ဆင့် သုံးဖက်မြင်သမ္မတအဖြစ် အုပ်ချုပ်နိုင်မည်ဟု အကြံပြုနေကြသည်။

“ကျုပ်က သမ္မတအဖြစ် အကျုံးဝင်တဲ့ လွှတ်တော်အမတ်ပါ။ ဒီခေတ်မှာ နောက်ဆုံးပေါ်နည်းပညာတွေ သုံးပြီးတော့ စီမံကိန်းကြီးတွေကို ကိုင်တွယ်နိုင်ပါတယ်”ဟု ပူဒီမောင့်က ကတ်တလန်ရေဒီယိုသို့ ပြောကြားခဲ့သည်။

စပိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အင်ဒီဂိုမန်းဒက်ဇ်ဒီဗီဂိုက “ဒီလူက ကတ်တလန်သမ္မတ မဖြစ်နိုင်တော့ပါဘူး။ ဘရပ်ဆယ်က ဝရမ်းပြေးကို လွှတ်တော်ခေါင်းဆောင်တွေက ရွေးချယ်တင်မြှောက်ခွင့်ပေးမယ်ဆိုရင် အစိုးရက ခုံရုံးကို ချက်ချင်းအယူခံဝင်မှာပါ”ဟု တုံ့ပြန်ပြောကြားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တလန်ဒေသကို တစ်ဖက်သတ် လွတ်လပ်ရေးကြေညာကာ စပိန်မှ ခွဲထွက်မည့် လှုပ်ရှားမှုကို ဦးဆောင်မှုကြောင့် ပူဒီမောင့်အစိုးရကို မက်ဒရစ်မှ ဖက်ဒရယ်အစိုးရက ဖျက်သိမ်းခဲ့သည်။

ပူဒီမောင့်သည် ၎င်း၏အစိုးရ ဖျက်သိမ်းခံရပြီးနောက် ချက်ချင်းပင် ဘရပ်ဆယ်သို့ တိမ်းရှောင်သွားခဲ့ပြီး ၎င်းအား အစိုးရက ဖမ်းဆီးခြင်းမပြုရန် အာမခံပါက ပြန်လာမည်ဟု ပြောဆိုခဲ့သည်။

ကတ်တလန်တွင် ဒုတိယအင်အားအကြီးဆုံးပါတီမှ အိုရီယို ဂျန်ကွာရပ်စ်အပါအဝင် အခြား ခွဲထွက်ရေးခေါင်းဆောင်များမှာမူ မက်ဒရစ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသည်။

အခြေအနေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေလျှင် လိုအပ်ပါက စပိန်အစိုးရက ကတ်တလန်ကို တိုက်ရိုက် ဆက်လက်ကိုင်တွယ်ဦးမည်ဖြစ်ပြီး နောက်ထပ် ဒေသန္တရ ရွေးကောက်ပွဲအသစ် ရှိလာနိုင်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ မန်ဒက်ဇ်ဒီဗီဂိုက ပြောကြားသည်။

“အစိုးရက ဒီလိုမလုပ်ချင်ပေမယ့် သူတို့က ဥပဒေဘောင်ကျော်ပြီး လုပ်နေမယ်ဆိုရင် ဒီလိုပဲ ဖြစ်လာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဒေသန္တရရွေးကောက်ပွဲအပြီး ရှေ့မတိုး နောက်မဆုတ် ရပ်တန့်နေမှုကို အဆုံးသတ်ကာ ကတ်တလန်လွှတ်တော်သစ်ကို ဗုဒ္ဓဟူးနေ့က ခေါ်ယူနိုင်ခဲ့သော်လည်း ခွဲထွက်ရေးဝါဒီတစ်ဦးဖြစ်သူ ရော်ဂျာ တောရန့်စ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်မှုသည် ပူဒီမောင့်ပြန်လာနိုင်ခြေကို အချက်ပြလိုက်ခြင်းဖြစ်သည်။

ခွဲထွက်ရေးလိုလားသူ အများစုဖြစ်သော ကတ်တလန်လွှတ်တော်သည် အဝေးရောက် သမ္မတလောင်းအား ခွင့်ပြုမလားဆိုသည်ကို ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ ကတ်တလန်ခေါင်းဆောင်သစ် ရွေးချယ်ရန် ပထမအကျော့ မဲပေးခြင်းကို ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပဖွယ်ရှိပြီး ခွဲထွက်ရေးလိုလားသော ပါတီကြီးနှစ်ခုက ပူဒီမောင့်ကို ထောက်ခံမည်ဟု ပြောဆိုထားသည်။

သောကြာနေ့က အင်တာဗျူးတွင် ပူဒီမောင့်က ၎င်းအနေနှင့် ခေါင်းဆောင်အဖြစ် ပြန်အရွေးခံရလျှင် ယခင်အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဟု ပြောဆိုခဲ့သော်လည်း တစ်ဖက်သတ် လွတ်လပ်ရေးကြေညာမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မလားဆိုသည်ကိုမူ သဲကွဲစွာ ပြောကြားခြင်းမပြုခဲ့ပေ။

F-04