News

POST TYPE

FOREIGN AFFAIRS

ကနေဒါနိုင်ငံ လက်မီဂန်တစ် ရထားတိမ်းမှောက်မှုတွင် ရထားလမ်းလုပ်သားများ ပြစ်ဒဏ်ကင်းလွတ်
21-Jan-2018


အော်တဝါ၊ ဇန်နဝါရီ ၂၀

လွန်ခဲ့သောငါးနှစ်က ကနေဒါနိုင်ငံ လက်မီဂန်တစ် ရထားတိမ်းမှောက်မှုတွင် တရားသူကြီးအဖွဲ့က ရထားလမ်းလုပ်သားသုံးဦးကို ရာဇဝတ်မှုမြောက်သော ပေါ့ဆမှုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ ဇူလိုင်လ ၆ ရက်က ကွီဘက်ပြည်နယ်အရှေ့ပိုင်း လက်မီဂန်တစ်မြို့လေးတွင် ရေနံစိမ်းများ တင်ဆောင်လာသော ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၄၇ ဦး သေဆုံးကာ မြို့လယ်ရပ်ကွက်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

အမှုစစ်ဆေးခြင်းကို ကွီဘက်အထက် ခုံရုံးတွင် အောက်တိုဘာလ ၂ ရက်က စတင်ခဲ့ပြီး ရထားလမ်းအင်ဂျင်နီယာ တွမ်ဟတ်ဒင်း၊ လမ်းထိန်းသိမ်းရေး တာဝန်ခံ ရစ်ချတ်လာဘရီနှင့် ရထားမန်နေဂျာ ဂျင်းဒီမေထရီတို့ သုံးဦးကို လူ ၄၇ ဦး သေဆုံးစေခဲ့သော ရာဇဝတ်မှုမြောက်သည့် ပေါ့ဆမှုဖြင့် တရားစွဲဆိုခဲ့သည်။

ကနေဒါ၏ ရာဇဝတ်မှုဥပဒေအရ ၎င်းတို့သုံးဦးစလုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ခြေရှိပြီး သုံးဦးစလုံးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

အမျိုးသား၊ အမျိုးသမီး ၁၂ ဦး ပါဝင်သော ခုံအဖွဲ့က ဇန်နဝါရီလ ၁၁ ရက်တွင် အမှုကို ပြန်လည်သုံးသပ်ခဲ့သည်။

အခင်းစတင်ဖြစ်ပွားပုံမှာ မစ္စတာတွမ်ဟတ်ဒင်းသည် နန်းတီးစ်ရွာတွင် ညအိပ်ရန် ရထားကိုရပ်နားထားစဉ် ခေါင်းတွဲ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများက အင်ဂျင်ကိုပိတ်ကာ မီးကို ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဘရိတ်လေပိုက်များကို ဖြတ်တောက်မိခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်နာရီခန့်အကြာတွင် လက်မီဂန်တစ် မြို့လယ်သို့ ထွက်ခွာလာစဉ် မီးလောင်ပေါက်ကွဲကာ လမ်းချော်တိမ်းမှောက်ခဲ့သည်။

မစ္စတာဟတ်ဒင်းက ၎င်းသည် လက်ဆွဲဘရိတ် ခုနစ်ခုကိုသာ အသုံးပြုခဲ့ပြီး ရထားမထွက်မီ ဘရိတ်စနစ်တစ်ခုလုံးကို အပြည့်အဝစမ်းသပ်ခြင်း မပြုခဲ့ကြောင်းဝန်ခံသည်။

၎င်းက ပေါက်ကွဲသံကြားသည့်အချိန်တွင် ကျန်သည့် ဆီတင်တွဲများကို ခေါင်းတွဲမှဖြုတ်ချရန်အတွက် အရေးပေါ် ကယ်ဆယ်ရေးကို အကူအညီတောင်းခဲ့သည်။

ခုံရုံး၌ နောက်ဆုံးစီရင်ချက်ကို ဖတ်ကြားချိန်တွင် ခုံရုံးအတွင်း၌ ရှိနေသူများ ကျယ်လောင်စွာ အံ့အားသင့်သွားကြသည်ဟု CBC က သတင်းထုတ်ပြန်သည်။

တရားသူကြီးအဖွဲ့သည် ရထားဆိုင်ရာ ကျွမ်းကျင်သူများ၏ နည်းပညာပိုင်း ထွက်ဆိုချက်များ၊ အခင်းဖြစ်ချိန်တွင် မှတ်တမ်းတင်ထားသော အသံဖိုင်များ၊ ကုမ္ပဏီက လေ့ကျင့်မှုအတွက် ဘတ်ဂျက်မပေးသည့်အပြင် ဘေးကင်းရေးအစီအမံများကို အလေးမထားဟူသော ရထားဝန်ထမ်းဟောင်းများ၏ ထွက်ဆိုချက်များကို အချိန်များစွာယူ၍ နားထောင်ကာ သုံးသပ်ခဲ့ကြသည်။

ခုံအဖွဲ့က ရှစ်ရက်တိုင်တိုင် အချိန်ယူကာ အမှုကို ပြန်လည်သုံးသပ်ခဲ့သည်။ မစ္စတာဟတ်ဒင်း အပါအဝင် လုပ်ဖော်ကိုင် ဖက်သုံးဦးစလုံးက ထုချေလျှောက်လဲရန် အခွင့်အရေးကို အသုံးမပြုခဲ့ကြပေ။ ထိုအစား အစိုးရရှေ့နေများ၏ စွဲချက်များသည် သက်သေအလုံအလောက်မရှိဟု ၎င်းတို့၏ ရှေ့နေများက စောဒကတက်ခဲ့သည်။

MMA ရထားကုမ္ပဏီ၏ လေ့ကျင့်ရေးဘတ်ဂျက် မရှိခြင်း၊ ဘေးကင်းရေး အစီအမံများ ပေါ့လျော့ခြင်းအပါအဝင် အခင်းဖြစ်ပွားစေခဲ့သော အကြောင်းရင်းများသည် ၎င်းတို့ ကိုင်တွယ်နိုင်သော ဘောင်ထဲမှ အရာများမဟုတ်ဟု စွပ်စွဲခံရသူသုံးဦးက လျှောက်လဲချက်ပေးခဲ့သည်။

ထို့အပြင် နန်းတီးစ်မှ လက်မီဂန်တီသို့ ဆက်သွယ်သော ရထားလမ်းသည် ကနေဒါတွင် ဒုတိယ မတ်စောက်မှု အများဆုံးလမ်းဖြစ်သည်ဟု သုံးသပ်ထားသည့် ပို့ဆောင်မှု ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့၏ အစီရင်ခံစာကိုလည်း ရထားကုမ္ပဏီက သတိပြုရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။ 
 
F-04



  • VIA