News

POST TYPE

FOREIGN AFFAIRS

အမေရိကန် ဟာဝိုင်အီတွင် ဒုံးကျည်ကျပြီဟု မှားယွင်းသတိပေးမှုဖြစ်ပွား
15-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ခင်းတွင် ဟာဝိုင်အီကျွန်းသို့ ပဲ့ထိန်းဒုံးကျည် ဦးတည်လာနေကြောင်း မှားယွင်းသတိပေးချက်ကြောင့် ဒေသခံများ အုတ်အုတ်သဲသဲ ဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင်မှ မှားယွင်းသတိပေးမှုသာဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

မိုဘိုင်းလ်ဖုန်းသုံးသူများထံသို့ “ဟာဝိုင်အီကို ပဲ့ထိန်းဒုံးကျည် ဦးတည်လာနေပြီ၊ ချက်ချင်း အကာအကွယ်ရှာပါ၊ အစမ်းလေ့ကျင့်တာမဟုတ်ပါ” ဆိုသော မက်ဆေ့ဂျ်တစ်စောင် ရောက်ရှိခဲ့သည်။

ယင်းဖြစ်စဉ်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေးဗစ်အစ်ဂီက တောင်းပန်ခဲ့ပြီး ဝန်ထမ်းတစ်ဦးက ခလုတ်မှားနှိပ်မိခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

အမေရိကန်အစိုးရက ယင်းကိစ္စအတွက် စုံစမ်းစစ်ဆေးသွားမည်ဟု ကြေညာခဲ့သည်။

ဟာဝိုင်အီကျွန်းမှာ မြောက်ကိုရီးယား၏ ဒုံးကျည်စက်ကွင်းအတွင်း ကျရောက်နိုင်ခြေရှိသောကြောင့် အရေးပေါ် သတိပေးစနစ် တပ်ဆင်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်းက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယား သတိပေးဥဩဆွဲမှုကို ဟာဝိုင်အီတွင် အစမ်းလေ့ကျင့်ခဲ့သည်။

ယခုတစ်ခါတွင်မူ “အစမ်းလေ့ကျင့်တာမဟုတ်ပါ” ဆိုသော စာသားပါပါဝင်နေသကဲ့သို့ ဖုန်းများသို့သာမက တီဗီနှင့် ရေဒီယိုလိုင်းများတွင်ပါ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဖုန်းမှ သတိပေးချက်မှာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၇ မိနစ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး စာလုံးအကြီး (Captial Letter) များဖြင့်သာ ရေးသားထားသည့် အထူးသတိပေးချက်ပုံစံဖြစ်သည်။

နောက် ၁၈ မိနစ်အကြာတွင်မှ အီးမေးလ်ပေးပို့ပြီး မှားယွင်းကြောင်း ကြေညာခဲ့သော်လည်း နောက်ထပ် ၃၈ မိနစ်ကြာသည်အထိ မှားယွင်းကြောင်း အသိပေးမှုမက်ဆေ့ချ် ပြန်မပို့နိုင်ခဲ့ဟု ဆိုသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးကမူ လူ၏အမှားသာဖြစ်ပြီး စက်အမှားမဟုတ်ဘဲ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီမှ ဝန်ထမ်းများ တစ်နေ့သုံးဆိုင်းလဲ အသင့်ပြင်ထားရာတွင် အဆိုင်းချိန်းချိန်၌ မှားယွင်းမှုဖြစ်သည်ဟု ဆိုသည်။

အဆိုင်းချိန်းချိန်တွင် စနစ်အဆင်ပြေမပြေ စစ်ဆေးရာ၌ ဝန်ထမ်းတစ်ဦးက ခလုတ်မှားနှိပ်မိခြင်းဖြစ်သည်ဟု ဖြေရှင်းထားသည်။

ပြည်နယ်အတွင်းရှိ ရုပ်သံနှင့် ရေဒီယိုလိုင်းများအားလုံးလည်း ချက်ချင်းရပ်ဆိုင်းသွားပြီး ကြိုတင်အသံသွင်းထားသော အရေးပေါ်သတိပေးချက်ကို အလိုအလျောက် ထုတ်ပြန်ကြေညာခဲ့ကြသည်။

“အပြင်မှာရောက်နေရင် ချက်ချင်း အဆောက်အအုံထဲမှာ ခိုလှုံပါ။ အိမ်ထဲမှာပဲ နေပါ၊ တံခါးတွေနဲ့ ဝေးဝေးနေပါ။ ကားမောင်းနေတယ်ဆိုရင် ကားကို လမ်းဘေးဆွဲချပြီး အဆောက်အအုံတစ်ခုထဲမှာ ခိုလှုံပါ။ ဝပ်ချထားပါ။ အန္တရာယ်အဆုံးသတ်ရင် ပြန်ကြေညာပါမယ်။ ဒါအစမ်းလေ့ကျင့်နေတာ မဟုတ်ပါဘူး”ဟူသော ကြေညာချက်ကို ရုပ်သံနှင့် ရေဒီယိုလိုင်းများတွင် ထုတ်လွှင့်ခဲ့သည်။

F-03