News

POST TYPE

FOREIGN AFFAIRS

သတင်းထောက်များသတ်ဖြတ်မှုဖြင့် ဂွါတီမာလာလွှတ်တော်အမတ်တစ်ဦးကိုဖမ်းဆီး
14-Jan-2018


ဂွါတီမာလာစီးတီး၊ ဇန်နဝါရီ ၁၄

၂၀၁၅ ခုနှစ်က သတင်းထောက် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်မှုဖြင့် လွှတ်တော်အမတ် ဂျူလီယိုဂျူရက်ဇ် ရာမီရက်ဇ်ကို ဖမ်းဆီးရန် ဂွါတီမာလာရှေ့နေချုပ်ရုံးက စနေနေ့တွင် ဝရမ်းထုတ်ပြန်ဖမ်းဆီးလိုက်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

၂၀၁၅ မတ်လက အသတ်ခံရသူ သတင်းထောက် ဒန်နီလိုအက်ဖရိန်ဇာပွန် လိုပက်စ်နှင့် ဖက်ဒရီကိုဘင်ဂျာမင်ဆလာ ဇာဂျီရိုနီမိုတို့အား တိုက်ခိုက်မှုကို ထိုလွှတ်တော်အမတ်က စီစဉ်ညွှန်ကြားခဲ့သည်ဟု ဂွါတီမာလာရှိ နိုင်ငံတကာ ပြစ်မှုစုံစမ်းရေး ကော်မရှင်မှ စုံစမ်းရေးမှူးများနှင့် အစိုးရရှေ့နေများက ပြောကြားသည်။

ဂျူရက်ဇ်ကို တောင်ပိုင်းဆူချစ်ပီ ဂွက်ဇ်ခရိုင်ရှိ နေအိမ်အနီးတွင် စနေနေ့ကဖမ်းဆီးခဲ့ပြီး ဂွါတီမာလာမြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။ စနေနေ့ မွန်းလွဲပိုင်းက ရုံးထုတ်ခဲ့ရာတွင် ၎င်းက အပြစ်မရှိကြောင်း ဆက်လက် ငြင်းဆိုခဲ့သည်ဟု သိရှိရသည်။

“ကျုပ်က ကြောက်စရာ ဘာတစ်ခုမှ မရှိတဲ့အတွက် အရာရာကို ရှင်းလင်းပေးမယ့် ဘုရားသခင်ရဲ့ အားကိုးနဲ့ ဒီနေရာမှာ ရောက်နေတာပါ။ ကျုပ်က စာနယ်ဇင်းတွေနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးဆိုတာကို သိလာပါလိမ့်မယ်လို့ ဆူချစ်ပီရက်ဇ် သတင်းစာကို ပြောလိုက်ပါ”ဟု အမတ်ဂျူရက်ဇ်က သတင်းထောက်များအား ပြောကြားသွားသည်။

ဂျူရက်ဇ်သည် လာမည့်နှစ် လွှတ်တော်အတွက် အမတ်နေရာ အနိုင်မရမီက တောင်ပိုင်းမြို့တော် ဆန်အန်တိုနီယို၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ပရင်ဆာလစ်ဘရာ သတင်းစာမှ သတင်းထောက် ဇာပွန်သည် ဂျူရက်၏ အဂတိ လိုက်စားမှု ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသောကြောင့် တိုက်ခိုက်သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

အဆိုပါလူသတ်ရန် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုကြောင့် လွှတ်တော်အမတ် ဂျူရက်ဇ်ကို အမေရိကန် ဘဏ္ဍာရေးဌာနက ကမ္ဘာလုံးဆိုင်ရာ မဂ္ဂနစ်စကီလူ့အခွင့်အရေး တာဝန်ယူမှု အက်ဥပဒေအရ အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

လွှတ်တော်အမတ် ဂျူရက်ဇ်က သတင်းထောက်ဇာပွန်နှင့် မိတ်ဆွေဖြစ်သည်ဟု ပြောဆိုထားပြီး ၎င်းအသတ်ခံရသောနေ့က တွေ့ဆုံခဲ့သည်ဟု ဝန်ခံထားကြောင်း ၂၀၁၅ ခုနှစ်က ပြည်တွင်းသတင်းများတွင် ဖော်ပြခဲ့သည်။

“အဲဒီအချက်ကြောင့် ကျုပ်ကို စုံစမ်းစစ်ဆေးနေကြတာပါ။ ကျုပ်ကသူနဲ့ ဘာကိစ္စမှ ပတ်သက်မှုမရှိဘဲ ကင်းရှင်းပါတယ်”ဟု ဂျူရက်ဇ်က ပြည်တွင်းမီဒီယာများအား ပြောကြားသည်။

F-04