News

POST TYPE

FOREIGN AFFAIRS

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ဆန့်ကျင်ရေး Me Too လှုပ်ရှားမှုတွင် စွပ်စွဲခံရသော တရုတ်ပါမောက္ခ အလုပ်ထုတ်ခံရ
14-Jan-2018


ဘေဂျင်း၊ ဇန်နဝါရီ ၁၃

Me Too ဟုခေါ်သော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ကျောင်းသူဟောင်းတစ်ဦးက စွပ်စွဲဖော်ပြခဲ့ပြီးနောက် ပါမောက္ခတစ်ဦးကို တရုတ်တက္ကသိုလ်က ထုတ်ပယ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကျောင်းသူများအား ပါမောက္ခချင် ရှိုဝူးကလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးခဲ့သည်ဟု ဘေဂျင်းရှိ ဘေဟန်းတက္ကသိုလ်က ပြောကြားသည်။

ကျောင်းသူဟောင်း လျှိုရှီရှီက သူမ၏ဖြစ်စဉ်ကို weibo လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ရာမှ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ယခုအမေရိကတွင် နေထိုင်နေသူ လျှိုရှီရှီက အနောက်နိုင်ငံများမှ MeToo လှုပ်ရှားမှုကြောင့် သူမများစွာရဲရင့်လာခဲ့သည်ဟု ပြောကြားသည်။

လျှိုရှီရှီက ပါမောက္ခချမ်းသည် လွန်ခဲ့သော ၁၃ နှစ်ကသူမအား ၎င်း၏ ညီမအိမ်သို့ ဖြားယောင်းခေါ်ဆောင်ကာ အဓမ္မကြံစည်ရန် ကြိုးစားခဲ့သော်လည်း သူမက ငိုယိုတောင်းပန်ခဲ့သောကြောင့် လက်လျှော့သွားခဲ့သည်ဟု ပို့စ်တွင်ရေးသားထားသည်။

လျှိုရှီရှီသည် ထိုကိစ္စကို တက္ကသိုလ်သို့ တိုင်ကြားခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းမပြုမီ ပါမောက္ခချမ်း၏ နှောင့်ယှက်ခြင်းခံခဲ့ရသော အခြားအမျိုးသမီးများကို ဆက်သွယ်ကာ အသံဖိုင်များအပါအဝင် အထောက်အထားများကို စုဆောင်းခဲ့သည်။

Weibo ကွန်ရက်တွင် တင်ထားသော သူမ၏ပို့စ်သည် တစ်ရက်အတွင်း ကြည့်ရှုသူ သုံးသန်းကျော်သွားခဲ့ပြီး တရုတ်နိုင်ငံမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအကြောင်း ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံမှုများကို အစပျိုးပေးခဲ့သည်။

ကြာသပတေးနေ့ ညပိုင်းတွင် ဘေဟန်းတက္ကသိုလ်က ပါမောက္ခချမ်းသည် တက္ကသိုလ်၏ ကျင့်ဝတ်သိက္ခာကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ 

မစ္စတာချမ်းကိုတက္ကသိုလ် ဒုတိယအဓိပတိရာထူးမှ ထုတ်ပယ်လိုက်ပြီး စာသင်ကြားခွင့် အထောက်အထားများကိုလည်း ရုပ်သိမ်းလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်မှ သင်ခန်းစာယူသွားမည်ဟုလည်း တက္ကသိုလ်က ပြောကြားသည်။

လျှိုရှီရှီ၏ပို့စ်သည် တရုတ်နိုင်ငံတွင် ပျံ့နှံ့သွားကာ လိင်နှောင့်ယှက်မှု တိုက်ဖျက်ရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သော်လည်း တရုတ်လူမှုကွန်ရက်တွင် MeToo လှုပ်ရှားမှုသည် အခြားတိုင်းပြည်များလောက် ထင်ရှားမှုမရှိသေးဟု လေ့လာသူများက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လိင်နှောင့်ယှက်မှုကို ကိုင်တွယ်ရန် တိကျသော နည်းစနစ်များ မရှိခြင်း၊ နစ်နာသူအား အပြစ်ပုံချမည်ကို စိုးရိမ်ခြင်း၊ အင်တာနက် ဆင်ဆာဖြတ်ခြင်း၊ ထင်ရှားသော အမျိုးသမီးအရေးလှုပ်ရှားသူ ငါးဦးကို ၂၀၁၅ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ထောက်ပြကြသည်။  
 
F-04



  • VIA