News

POST TYPE

FOREIGN AFFAIRS

ကယ်လီဖိုးနီးယား ရွှံ့မြေပြိုမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
14-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သော ကယ်လီဖိုးနီးယား ရွှံ့မြေပြိုမှုတွင် ကျန်ရှိနေသော ပျောက်ဆုံးသူ ၅ ဦးကို ရှာဖွေဧရိယာတိုးချဲ့ပြီး ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူအများအပြားကို ရှာဖွေတွေ့ရှိပြီဖြစ်သောကြောင့် ပျောက်ဆုံးစာရင်းမှ အနည်းငယ်မျှသာ ကျန်တော့ကြောင်း၊ ဧရိယာတိုးချဲ့ ရှာဖွေသွားမည်ဖြစ်သော်လည်း ရွှံ့ထူထူအောက်တွင် အသက်ရှင်ကျန်ရစ်သူကို ပြန်တွေ့ရန်မှာမူ အလွန်ခဲယဉ်းသွားပြီဖြစ်ကြောင်း ဆန်တာဘာ ဘရာရဲမှူးရုံးက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ညတွင် လူ ၄၃ ဦးအထိ ပြန်ရှာတွေ့ခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီလ ၉ ရက်နေ့ အရုဏ်မတက်မီတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့မြေအကြီးအကျယ် ပြိုကျခဲ့သည်။ 

ရွှံ့များ၊ အမှိုက်သရိုက်များမှာ တောင်ကုန်းများအတိုင်း မျောလာခဲ့ပြီး ယခင်လက တောမီးလောင်ကျွမ်းမှုဒဏ် ခံထားရသော သစ်ပင်များ၊ ချုံပုတ်များကို တိုက်ချသွားခဲ့သည်။

“လက်တွေ့ကျကျပြောရင် ဒီဖြစ်စဉ်မှာ သေဆုံးသူတွေပဲ ပိုများများတွေ့ရဖို့ ရှိပါတော့တယ်”ဟု ဆန်တာဘာဘရာ ကောင်တီရဲမှူး ဘီလ်ဘရောင်းက ပြောကြားခဲ့သည်။ 

သို့သော်လည်း အံ့အားသင့်ဖွယ် အသက်ရှင်ကျန်ရစ်သူများ တွေ့ရန်လည်း မျှော်လင့်ထားသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

F-03