News

POST TYPE

FOREIGN AFFAIRS

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီးစဉ်မတိုင်မီ ချီလီဘုရားကျောင်းများ တိုက်ခိုက်ခံရ
13-Jan-2018

ဆန်တီယာဂို၊ ဇန်နဝါရီ ၁၃

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ လာမည့်အပတ် ခရီးစဉ်မတိုင်မီ ချီလီနိုင်ငံရှိ ဘုရားကျောင်းများစွာ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မြို့တော် ဆန်တီယာဂိုတွင် မီးလောင်ဗုံးများကြောင့် ဘုရားကျောင်းသုံးခု ပျက်စီးသွားခဲ့ပြီး နောက်တစ်ကြိမ်သည် ပုပ်ရဟန်းမင်းကြီးအတွက် ဖြစ်သည်ဟု သတိပေးသောစာများ ချန်ထားခဲ့သည်ကို တွေ့ရှိရသည်။

မြို့တော်၏ တောင်ဘက်ရှိဘုရား ကျောင်းတွင် ချထားခဲ့သော လက်ကမ်းစာရွက်တွင်မူ ပြည်တွင်းရှိ မာပူချီနယ်မြေမှ လှုပ်ရှားမှုကို ရည်ညွှန်းသည်ဟု ဖော်ပြထားသည်။

သမ္မတမစ်ချယ်ဘာချီလက်က ယင်းလုပ်ရပ်များသည် အလွန်ဆိုးဝါးသည်ဟု ပြောကြားလိုက်သည်။ 

“ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ ကိုယ့်ဆန္ဒကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ထုတ်ဖော်ပြောဆိုနိုင်ပါတယ်”ဟု သောကြာနေ့တွင် ရေဒီယိုအသံလွှင့်ဌာနမှတစ်ဆင့် သူမက ပြောကြားသည်။
မည်သည့်အုပ်စု၏ လက်ချက်ဖြစ် သည်ကိုလည်း မဖော်ထုတ်နိုင်သေးဟု သိရှိရသည်။

ထိခိုက်ဒဏ်ရာရမှုမရှိသော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မည်သူ့ကိုမှ ဖမ်းဆီးခြင်း မရှိသေးပေ။ ထိုဖြစ်ရပ်အပေါ် ဗာတီကန်ကလည်း မှတ်ချက်ပေးခြင်း မပြုသေးပေ။

ပုပ်ဖရန်စစ်သည် ရွှေ့ပြောင်းဒုက္ခသည်များနှင့် အကူအညီ လိုအပ်နေသူများအပေါ် ကရုဏာထားရေးနှင့် ထောက်ပံ့ကူညီရေးကို ၎င်း၏အဓိကမူအဖြစ် ချမှတ်ထားသူဖြစ်သည်။

အတိုက်ခိုက်ခံရသော ဘုရားကျောင်းတစ်ခု၌ ချန်ထားရစ်သော လက်ကမ်းစာရွက်များတွင် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်၌ အသုံးပြုသော ငွေများကို ဆင်းရဲနွမ်းပါးသူအပေါ် ကူညီရန် အသုံးပြုနိုင်လျှင် ပိုကောင်းသည်ဟု ရေးသားထားကြောင်း သိရှိရသည်။

ပုပ်ရဟန်းမင်းကြီးသည် အင်္ဂါနေ့တွင် ဆန်တီယာဂိုပန်းခြံ၌ ဆုတောင်းပွဲ ကျင်းပမည်ဖြစ်ပြီး ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်လိမ့်မည်ဟုမျှော်လင့်ရသည်။ ပုတ်ဖရန်စစ်သည် ချီလီသို့ရောက်ရှိနေစဉ် မာပူချီဒေသ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ချီလီတောင်ပိုင်းရှိ ပုဂ္ဂလိကအိမ်ရာများနှင့် သစ်စိုက်ခင်းများသည် ၎င်းတို့၏မြေယာများကို သဘာဝ ပတ်ဝန်းကျင်အရ ထိခိုက်ပျက်စီးစေပြီး ဒေသခံလူထုကို ဆင်းရဲနွမ်းပါးမှု နွံထဲတွင် နစ်မြုပ်စေသည်ဟု မာပူချီဒေသခေါင်းဆောင်များက ပြောကြားသည်။

လက်တင် အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူ ပုပ်ဖရန်စစ်သည် ချီလီနိုင်ငံပြီးလျှင် ပီရူးသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။  

F-04