News

POST TYPE

FOREIGN AFFAIRS

ဆော်ဒီတွင် အမျိုးသမီးတက္ကစီယာဉ်မောင်း ၁၀ဝဝဝ ခန့် ခေါ်ယူမည်
12-Jan-2018

ရီယာ့ဒ်၊ ဇန်နဝါရီ ၁၀

ဆော်ဒီအာရေဗျဘုရင့်နိုင်ငံတွင် အမျိုးသမီးများ ယာဉ်မောင်းခွင့် ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်ပြီးနောက်  တက္ကစီငှားရမ်းသည့် အက်ပလီကေးရှင်း ကုမ္ပဏီများက အမျိုးသမီးယာဉ်မောင်းများ ခေါ်ယူစုဆောင်းနေကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အမျိုးသမီးခရီးသည် အရေအတွက်သည် Uber ၏ ဆော်ဒီခရီးသည် အရေအတွက် ၈၀ ရာခိုင်နှုန်းမျှရှိနေသလို ဒူဘိုင်းအခြေစိုက် Careem တက္ကစီငှားအက်ပလီကေးရှင်းသုံးသူ အရေအတွက်၏ ၇၀ ရာခိုင်နှုန်းမျှ ရှိနေသည်ဟု ကုမ္ပဏီနှစ်ခုက ထုတ်ပြန်သော အချက်အလက်များက ဖော်ပြသည်။ 

နိုင်ငံတွင်း ယာဉ်မောင်းခွင့်ပြုလိုက်ပြီဖြစ်သော်လည်း တစ်ဦးတည်း သွားလာခွင့်မရှိသည့် ဆော်ဒီအမျိုးသမီးများအတွက် တက္ကစီငှားရမ်းသည့် အက်ပလီကေးရှင်းများမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သည်။

လက်ရှိတွင် ကုမ္ပဏီနှစ်ခုစလုံးမှ ယာဉ်မောင်းများမှာ အမျိုးသားများသာ ဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ပိုင်ယာဉ်ဖြင့် ဝင်မောင်းကြသော ဆော်ဒီနိုင်ငံသားများသာဖြစ်သည်။

တော်ဝင်အမိန့် ဒီကရီဖြင့် အမျိုးသမီးများ ကားမောင်းခွင့်ပြုလိုက်ပြီးနောက် ကုမ္ပဏီများက အမျိုးသမီး ယာဉ်မောင်းများသုံးရန် စီစဉ်လာခြင်းဖြစ်သည်။ Careem ကုမ္ပဏီသည် ဆော်ဒီမြို့ကြီးများဖြစ်သော ရီယာ့ဒ်၊ ဂျက်ဒါ၊ အယ်လ်ခိုမဘာတို့တွင် သင်တန်းများ ပေးနေသည်။ ပိတ်ပင်မှု ဖယ်ရှားသည်မှာ မကြာသေးသောကြောင့် အဓိကအားဖြင့် နိုင်ငံခြားတွင် ယာဉ်မောင်း လိုင်စင်ရထားပြီးသူများကို အဓိကထား စုဆောင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Careem သည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် ပါကစ္စတန်ရှိ မွတ်ဆလင်နိုင်ငံ ၁၃ နိုင်ငံတွင် လုပ်ကိုင်နေသော Uber ကဲ့သို့သော လုပ်ငန်းဖြစ်သည်။ Careem အနေနှင့် ၂၀၁၈ ဇွန်လတွင် အမျိုးသမီး ကက်ပတိန် (ယာဉ်မောင်း) တစ်သောင်းအထိ စုစည်းနိုင်ရန် ရည်ရွယ်ထားသည်။

“ခရီးသွားချင်ပေမယ့် အမျိုးသားတွေ မောင်းတာ မစီးချင်တဲ့ အမျိုးသမီး အများအပြားအတွက် အမျိုးသမီး ကက်ပတိန်တွေက ကူညီပေးပါလိမ့်မယ်”ဟု Careem ၏ ပူးတွဲထူထောင်သူ အဗ္ဗဒူလာ အယ်လ် ယာစ်က ပြောကြားသည်။

F-03