News

POST TYPE

FOREIGN AFFAIRS

အီရန်ဆန္ဒပြပွဲတွင် လူ ၃၇၀၀ ဖမ်းဆီးခံရဟု လွှတ်တော်အမတ် ပြောကြား
12-Jan-2018
တီဟီရန်၊ ဇန်နဝါရီ ၉

အီရန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း အကြမ်းဖျင်း လူ ၃၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း လွှတ်တော်အမတ်တစ်ဦးက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။

ယင်းအရေအတွက်မှာ အီရန်အာဏာပိုင်များက တရားဝင်ထုတ်ပြန်သည့် လူ ၄၅၀ ဆိုသော အရေအတွက်ထက် သိသိသာသာ များပြားနေသည်။ အမေရိကန်တာဝန်ရှိသူများ၏ ခန့်မှန်းခြေမှာလည်း ၁၀၀၀ ဝန်းကျင်သာ ဖြစ်သည်။

ဒီဇင်ဘာလနှောင်းပိုင်းတွင် ခြောက်ရက်ကြာ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် လူ ၃၇၀၀ ဖမ်းဆီးခံရပြီး ကျောင်းသား ၄၀ မှ ၆၈ ဦးအထိ ပါဝင်သည်ဟု လွှတ်တော်အမတ် မာမွတ်ဆာဒေဂီက ပြောကြားခဲ့သည်။

ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည့် လုံခြုံရေးအဖွဲ့အစည်းမျိုးစုံရှိနေသောကြောင့် အတိအကျ အရေအတွက်ရရှိရန် အချိန်ယူခဲ့ရကြောင်း ဆာဒေဂီက အီရန်လွှတ်တော်၏ တရားဝင်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံတွင် ရင်ဆိုင်ရသော အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

လူငယ်အများစုပါဝင်သော ဆန္ဒပြသူများသည် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ အကျင့်ပျက်ခြစားမှု အားကောင်းခြင်း၊ လောင်စာဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကို မကျေနပ်ရာမှဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

F-03