News

POST TYPE

FOREIGN AFFAIRS

ပါကစ္စတန်တွင် ၈ နှစ်သမီး အဓမ္မကျင့် လည်ပင်းညှစ်သတ်ခံရမှုကြောင့် အဓိကရုဏ်းဖြစ်
12-Jan-2018


အစ္စလာမာဘတ်၊ ဇန်နဝါရီ ၁၀

ပါကစ္စတန်နိုင်ငံ ကာဆူအာမြို့တွင် မိန်းကလေးငယ်များ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထိရောက်စွာ ကိုင်တွယ်ပေးရေး တောင်းဆိုဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး သေဆုံးကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အသက် ၈ နှစ်အရွယ် ဇိုင်နက်ဘ်ဆိုသူ မိန်းကလေး ပျောက်ဆုံးနေပြီး ရက်အတန်အကြာတွင် သူ့အလောင်းကို ဇန်နဝါရီလ ၉ ရက်နေ့က အမှိုက်ပုံအတွင်း ပြန်ရှာတွေ့ခဲ့သည်။ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံရသည့်အပြင် လည်ပင်းညှစ်ကာ အသတ်ခံရခြင်းဖြစ်သည်။

မိန်းကလေးငယ်များ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အလွဲလုပ်ခံရခြင်း၊ အသတ်ခံရခြင်းတို့ကို အာဏာပိုင်များက ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိဟု ဒေါသထွက်နေသော ဆန္ဒပြသူများက ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကာဆူအာတွင် အလားတူ လူသတ်မှု ၁၂ မှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသူငါးဦးမှာ တရားခံတစ်ဦးတည်း၏ လက်ချက်ဟု သံသယရှိနေပြီး ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ အင်အားသုံးစုံစမ်းနေသလို သံသယရှိသူ ၉၀ ခန့်ထံမှ DNA နမူနာများ ရယူထားစစ်ဆေးထားသည်။

လာဟိုးမြို့မှ ၁၂ မိုင်ခန့်ကွာသည့် ကာဆူအာ မြို့ရဲစခန်းကို ဒေါသထွက်နေသော လူအုပ်ကြီးက ဝင်ရောက်စီးနင်းရန်ကြိုးစားစဉ် ရဲများက ပစ်ခတ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ရသည်။

ဇိုင်နက်ဘ်သေဆုံးမှုသည် ပါကစ္စတန်တစ်လွှားတွင် အမျက်ထွက်စရာဖြစ်ခဲ့ရပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ ခရစ်ကတ်အားကစားသမားများက လူသတ်သမားကို အမိအရဖမ်းဆီးရန် တောင်းဆိုထားကြသည်။ ပါကစ္စတန်စစ်တပ်ကလည်း ရဲတပ်ဖွဲ့ကို ကူညီပေးမည်ဟု ကမ်းလှမ်းထားသည်။

ဇိုင်နက်ဘ်မှာ ကုအာန်ကျမ်းစာသင်ကျောင်းသို့ အသွားတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ့အလောင်းကို အိမ်နှင့် ၂ ကီလိုမီတာဝေးသောနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇိုင်နက်ဘ်ပျောက်သွားသည်ဟု မိဘများက ရဲကို သတင်းပို့သော်လည်း အရေးတယူမလုပ်ခဲ့ဟု စွပ်စွဲခံထားရသည်။ ဆွေမျိုးများက လိုက်ရှာမှသာ ဇိုင်နက်ဘ်ကို အမျိုးသားတစ်ဦးက ဆွဲခေါ်သွားသည့် CCTV ဗီဒီယိုမှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးပေးခဲ့ခြင်း မဟုတ်ပေ။

ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ရဲများက ထိထိရောက်ရောက် မဆောင်ရွက်ခြင်းအပေါ် ဝေဖန်မှုများစွာ ရှိနေသည်။

အလားတူဖြစ်ရပ်များ ကာဆူအာတွင် လစဉ်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

ပြီးခဲ့သည့်လကလည်း အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ အိမ်နားမှ ဈေးဆိုင်သို့ အသွားပျောက်ဆုံးသွားခဲ့သည်။ ထိုမိန်းကလေးမှာမူ ဖမ်းခေါ်သွားသူလက်မှ ထွက်ပြေးနိုင်ခဲ့သော်လည်း ဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားထိခိုက် သွားခဲ့ရသည်။

F-03