News

POST TYPE

FOREIGN AFFAIRS

ပဲရစ်မြို့ ရစ်ဇ်ဟိုတယ်မှ ဒေါ်လာသန်းပေါင်း များစွာတန်သော ရတနာများကို လက်နက်ကိုင်သူခိုးများခိုးယူ
12-Jan-2018

ပဲရစ်၊ ဇန်နဝါရီ ၁၁

ပုဆိန်ကိုင်ဆောင်ထားသော သူခိုးများက နာမည်ကြီး ရစ်ဇ်ပဲရစ်ဟိုတယ်ရှိ အရောင်းဆိုင်မှ ဒေါ်လာ ၅ သန်းကျော် တန်ကြေးရှိသည့် ရတနာများကိုဗုဒ္ဓဟူးနေ့ က ခိုးယူသွားသည်ဟုရဲများက ပြောကြားကြောင်း VOA သတင်းတွင် ဖော်ပြသည်။

အဆိုပါ ဟိုတယ်တွင် မွန်းလွဲပိုင်းက ဖြစ်ပွားသော ခိုးယူမှုကို သူခိုးငါးဦးက ကျူးလွန်ခြင်းဖြစ်သည်။ တရားခံများအနက်မှ သုံးဦးကို ဖမ်းဆီးရမိထားပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိပေ။

“ပျောက်ဆုံးမှုတန်ဖိုးက အရမ်းများလို့ အကဲဖြတ်နေတုန်းပါ”ဟု ရဲတစ်ဦးက ပြောကြားသည်။ ပျောက်ဆုံးမှု ပမာဏမှာ ဒေါ်လာ ၅ ဒသမ ၃၈ သန်းခန့်ရှိပြီး ခိုးရာပါ ပစ္စည်းအချို့ ပါဝင်သောအိတ်ကို ပြန်လည် တွေ့ရှိထားသည်ဟု အခြားရဲတစ်ဦးက ပြောကြားသည်။

၎င်းဟိုတယ်ကို ၁၈၉၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ပဲရစ်တွင် အထပ်အားလုံးနှင့် ရေချိုးခန်းများကို လျှပ်စစ်မီး ပေးနိုင်ခဲ့သော ပထမဆုံး ပဲရစ်ဟိုတယ်ဖြစ်သည်။

ဖက်ရှင်ဒီဇိုင်နာကို ကိုးရှယ်နယ်လ်နှင့် စာရေးဆရာ မာဆယ်ပရောက်စ်တို့၏ ယခင်နေအိမ်ဖြစ်ခဲ့ဖူးသော ရစ်ဇ်ဟိုတယ်သည် အမေရိကန် စာရေးဆရာအား နက်စ် ဟဲမင်းဝေး အလွန်နှစ်သက်သော အရက်ဘားတစ်ခုဖြစ်သည်။

၁၉၉၇ ခုနှစ်က ဝေလမင်းသမီး ဒိုင်ယာနာနှင့် သူမ၏ချစ်သူ ဒိုတီအယ်ဖာရက်တို့ ကွယ်လွန်ခဲ့သော ကားတိုက်မှု မတိုင်မီ နောက်ဆုံးညက နေထိုင်ခဲ့သော ဟိုတယ်မှာလည်း ရစ်ဇ်ဟိုတယ်ပင်ဖြစ်သည်။ ဒိုတီ အယ်ဖာရက်မှာ ဟိုတယ်ပိုင်ရှင် မိုဟာမက် အယ်ဖာရက်၏သားဖြစ်သည်။

ရစ်ဇ်ဟိုတယ် တည်ရှိသောနေရာ ဖြစ်သည့် ဗင်ဒွမ်းရင်ပြင်အနီးမှ လမ်းမကြီးများတွင် လက်နက်ကိုင်သူခိုးများက လက်ဝတ် ရတနာဆိုင်များကို ပစ်မှတ်ထားမှုသည် အဆန်းမဟုတ်ပေ။

F-04