News

POST TYPE

FOREIGN AFFAIRS

ဆန္ဒပြပွဲများကို အသုံးချပြီး အစ္စလာမ္မစ်နိုင်ငံစနစ်ကို ဖြုတ်ချမည့်အကြံအစည် ဟန့်တားနိုင်ခဲ့ကြောင်း ခါမေနီ ပြောကြား
12-Jan-2018



တီဟီရန်၊ ဇန်နဝါရီ ၉

ပြည်ပရန်သူများက တရားဝင်ဆန္ဒပြပွဲများကို အသုံးချပြီး အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံစနစ်ကို ဖြုတ်ချမည့်အကြံအစည်ကို ဟန့်တားနိုင်ခဲ့ကြောင်း ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ဒီဇင်ဘာလနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး မြို့ပေါင်း ၈၀ အထိ ပျံ့နှံ့ခဲ့ကာ လူ ၂၂ ဦး ထက်မနည်း သေဆုံးစေခဲ့သည့် မငြိမ်သက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ဘာသာရေးခေါင်းဆောင်က တွစ်တာလူမှုကွန်ရက်တွင် မှတ်ချက်ရေးသားခဲ့သည်။

“နောက်တစ်ခါထပ်ပြီး အမေရိကန်တို့၊ ဗြိတိန်တို့ကို ကျုပ်တို့နိုင်ငံက သက်သေပြလိုက်တဲ့အချက်က အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံကို ဖြုတ်ချဖို့ ပြည်ပနေကြိုးစားတဲ့သူတွေ ရှုံးနိမ့်သွားပြီ၊ နောင်လည်းရှုံးနိမ့်ဦးမယ်ဆိုတာပဲ”ဟု ခါမေနီက တွစ်တာတွင် ရေးသား (တွိဒ်) ခဲ့သည်။

မငြိမ်သက်မှုများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အီရန်ဘာသာရေးခေါင်းဆောင်ကို သစ္စာခံရသော တော်လှန်ရေးအစောင့်တပ်က ပြီးခဲ့သည့် တနင်္ဂနွေကတည်းက ထုတ်ပြန်ခဲ့သည်။

ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အကြီးကျယ်ဆုံး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွင် လူ ၁၀၀၀ ထက်မနည်း အဖမ်းခံခဲ့ရပြီး ခေါင်းဆောင်များမှာ သေဒဏ်ကျခံရနိုင်သည်ဟု တရားရေးဘက်က ထုတ်ပြန်ထားသည်။

တီဟီရန်မြို့ တောင်ဘက်ရှိ အာရက်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူတစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း တရားရေးတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တီဟီရန်မြို့ရှိ အီဗင်အကျဉ်းထောင်တွင်လည်း တနင်္လာနေ့က အကျဉ်းသားတစ်ဦး အဆုံးစီရင်သွားခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ထားခဲ့သည်။

ယင်းသတင်းများကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အီရန်နိုင်ငံရေးသမားအချို့က စိုးရိမ်နေကြပြီး ဖမ်းဆီးခံရသူများကို စစ်ဆေးစဉ် လက်လွန်သွားခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

“ဒုတိယကာရီဇက် မဖြစ်အောင်ကာကွယ်ဖို့ သမ္မတ၊ လုံခြုံရေးနဲ့ တရားရေးတာဝန်ရှိသူတွေကို ကျွန်တော်သတိပေးလိုပါတယ်”ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သူ မာမွတ်ဆာဒီဂီက တွစ်တာတွင် ရေးသားခဲ့သည်။

၂၀ဝ၉ ခုနှစ်က မငြိမ်မသက်မှုအပြီး ကာရီဇက်အကျဉ်းထောင်တွင် ဖမ်းဆီးခံရသူအမြောက်အမြား သေဆုံးခဲ့ရာ စစ်ဆေးရာတွင် အလွန်အမင်း ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သည်ဟု ဝေဖန်မှုများပေါ်ထွက်လာခဲ့ဖူးသည်။

F-03