News

POST TYPE

FOREIGN AFFAIRS

ကယ်လီဖိုးနီးယား ရွှံ့ပြိုနစ်မြုပ်မှုတွင် ၁၃ ဦးပျောက်ဆုံး၊ သေဆုံးသူအရေအတွက် မြင့်တက်
12-Jan-2018


နယူးယောက်၊ ဇန်နဝါရီ ၁၁

ကယ်လီဖိုးနီးယားတွင် ၁၇ ဦး သေဆုံးခဲ့သော ရွှံ့ရေပြိုဆင်းနစ်မြုပ်မှုများအပြီးတွင် လူဆယ်ဦးမက ပျောက်ဆုံးနေသောကြောင့် ကယ်ဆယ်ရေးသမား ရာပေါင်းများစွာက အပျက်အစီးများကို ရှင်းလင်းနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရွှံ့နွံများ စီးလာကာ နစ်မြုပ်သွားပြီးနောက် ဆန်တာဘာဘရာကောင်တီတွင်လည်း နောက်ထပ် ၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ နေအိမ် ၁၀၀ ကျော်ခန့် ပြိုလဲသွားပြီး နောက်ထပ် အိမ် ၃၀၀ ခန့် ပျက်စီးသွားသည်။

ရွှံ့နွံများအောက်မှ ၂ နှစ်သမီးအရွယ်လေးကို ဆယ်ယူကင်တင်ခဲ့သူ ကယ်ဆယ်ရေးလုပ်သား ဘာကလေဂျွန်ဆင်က “ဒီကလေး ဘယ်လိုများအသက်ရှင်နေသလဲ မသိဘူး”ဟု ပြောကြားသည်။ ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ထားပြီးခါးတွင် ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။

ဘာကလေကမွန်တီဆိုက်တို ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှာမူ မိုးတစ်နာရီခန့်ရွာအပြီးတွင် ရေမြုပ်သွားသည်ဟု ပြောကြားသည်။ ဇနီးသည် ကာရင်းနှင့်အတူ အိမ်ခေါင်မိုးမှတစ်ဆင့် ကျော်ထွက်ခဲ့ပြီးနောက်တွင် ကလေးငိုသံကြားခဲ့ရခြင်းဖြစ်ပြီး ကလေးငယ်ကို ဆယ်ထုတ်ရန်အတွက် မီးသတ်သမားတစ်ဦးနှင့်အတူ ကြိုးစားခဲ့ကြပြီး ဆေးရုံသို့မပို့မီ ပါးစပ်ထဲမှ ရွှံ့များကို ခပ်ထုတ်ခဲ့ရသည်ဟု ဘာကလေက ဆိုသည်။

ယခု ရွှံ့နွံပြိုဆင်းမှုဖြစ်စဉ်တွင် ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆန်တာဘာဘရာရဲမှူး ဘီလ်ဘရောင်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် သေဆုံးသူနှစ်ဦး၏ အလောင်းများကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူအရေအတွက် တိုးလာသည်ဟု ၎င်းက ဆိုသည်။

လူ ၅၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီးဖြစ်သော်လည်း အချို့နေရာများသို့ မရောက်နိုင်သေးဟု သိရှိရသည်။ တစ်ရာ့တစ် အဝေးပြေးလမ်းမကြီးအပါအဝင် လမ်းများစွာကို ပိတ်ထားရပြီး တနင်္လာနေ့အထိ ပြန်ဖွင့်နိုင်ဦးမည်မဟုတ်ဟု အာဏာပိုင်များက ပြောကြားသည်။

ကယ်လီဖိုးနီးယား မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ်အမ်က ရှာဖွေကယ်ဆယ်ခြင်းကို အထူးကြိုးစားလုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြောကြားသည်။

“ပျောက်နေသူတွေ ဘယ်မှာရှိမလဲဆိုတာကို မသိနိုင်ပါဘူး။ ရွှံ့နွံတွေထဲက တစ်နေရာရာပဲ ဖြစ်မှာပေါ့”ဟု ဆန်တာဘာ ဘရာကောင်တီ ပြောရေးဆိုခွင့်ရှိသူ အမ်ဘာအန်ဒါဆန်က ဆိုသည်။

မွန်တီဆိုက်တိုအနီးရှိ လူကုံထံရပ်ကွက်တွင် ရော့ဘ်လိုဝီ၊ အယ်လင်ဒီဂျင်နရီ၊ အော်ပရာဝင်းဖရေး စသော နာမည်ကျော်ဆယ်လီများ၏ နေအိမ်များရှိသည်။ အော်ပရာဝင်းဖရေးက သူမ၏အိမ် ဘေးကင်းသော်လည်း ခြံချင်းကပ်လျက်အိမ်မှာမူ ပျက်စီးသွားသည်ဟု Instagram တွင် တင်ထားသည်။

ဒေသခံထောင်ပေါင်းများစွာသည် ယခင်လတောမီးလောင်မှုဖြစ်စဉ်နှင့် ယခု ရွှံ့နွံနစ်မြုပ်မှုဖြစ်စဉ်တို့ကြောင့် နှစ်လအတွင်း နေအိမ်များမှ နှစ်ကြိမ်ထွက်ခွာ တိမ်းရှောင်ပေးကြရသည်။ အရေးပေါ်စီမံရေးဌာနက မဖြတ်သန်းရဇုန်ကို သတ်မှတ်ပေးထားပြီး အနီးတွင် သွားလာနေသူများကို ဖမ်းဆီးမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

နယ်မြေအတွင်း နေထိုင်သူများကိုလည်း ဘုံဘိုင်ရေကို ကျိုချက်သောက်သုံးရန် သတိပေးထားသည်။

ကယ်လီဖိုးနီးယားသည် လွန်ခဲ့သော ခြောက်နှစ်အတွင်း ငါးနှစ်တိတိ ဆိုးဆိုးဝါးဝါး မိုးခေါင်မှုကို ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ်သည် တောမီးလောင်မှုကို နှစ်စဉ်နီးပါး ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ဒီဇင်ဘာလအတွင်းက သတိပေးထားသည်။

F-04