News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ထရမ့်ပြော
11-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၁၀

မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ဖုန်းဆက်သွယ်ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

မြောက်နှင့် တောင်ကိုယ်စားလှယ်များ စစ်မဲ့ဇုန်တွင် တွေ့ဆုံဆွေးနွေးရာ၌ ဆောင်းရာသီအိုလံပစ်သို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထရမ့်နှင့် မွန်တို့ ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မွန်က တောင်-မြောက်ဆွေးနွေးမှု ရလဒ်များနှင့်ပတ်သက်ပြီး ထရမ့်ကို ပြောကြားခဲ့ပြီး ဆွေးနွေးမှု ဖြစ်ပေါ်လာစေရေးတွင် ထရမ့်၏လွှမ်းမိုးမှုရှိသော ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်စကားဆိုခဲ့သည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့သည်။

ဆိုးလ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း တောင်မြောက် အတူတကွ ဖြစ်လာစေရေးကို ထရမ့်က ကြီးကြီးမားမား ကူညီပေးခဲ့သည်ဟု မွန်က ပြောကြားခဲ့သည်။

“ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားကို အမြင့်ဆုံး ဖိအားဆက်ပေးဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။ သမ္မတထရမ့်က အမေရိကန်နဲ့  မြောက်ကိုရီးယားတို့ သင့်လျော်တဲ့အချိန်၊ မှန်ကန်တဲ့အခြေအနေမှာ ဆွေးနွေးဖို့  ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်” ဟု ဆန်းဒါးစ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားဘက်မှ ထုတ်ပြန် ချက်တွင်မူ ခေါင်းဆောင်နှစ်ဦးသည် နာရီဝက်ကြာမှ ဖုန်းဆက်သွယ်ပြောကြားခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး သဘောတူညီခဲ့ကြသည်ဟု ပါရှိသည်။

ခေါင်းဆောင်နှစ်ဦးစလုံးက ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးမှုမှသည် အမေရိကန်နှင့် မြောက်ကိုရီးယား ဆွေးနွေးမှုဆီသို့ ဦးတည်လာနိုင်ပြီး ပြုံချမ်းအိုလံပစ်တွင် မြောက်ကိုရီးယား ပါဝင်မှုမှသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖျက်သိမ်းရေးအထိ ဦးတည်သွားရန် မျှော်လင့်ထားကြောင်း ဆွေးနွေးခဲ့ကြသည်ဟု တောင်ကိုရီးယားဘက်မှ ထုတ်ပြန်မှုတွင် ပါရှိသည်။

ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးနေသမျှ ကာလပတ်လုံး (အမေရိကန်က) စစ်ရေးအရ အရေးယူမှု လုံးဝ ရှိမည်မဟုတ်ဟု သိစေလိုသည်ဟု ထရမ့်က ပြောကြားခဲ့ကြောင်းလည်း တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပြီးခဲ့သည့် စနေနေ့က ဒေးဗစ်စခန်းတွင် ထရမ့်နှင့်သတင်းထောက်များ တွေ့ဆုံစဉ်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆွေးနွေးရန် တံခါးဖွင့် ထားဆဲဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

“ကျုပ်က စကားပြောတာကို အမြဲ ယုံကြည်တယ်။ ဒါပေမဲ့ ကျုပ်တို့ ခိုင်ခိုင်မာမာ ရပ်တည်ထားတယ်။ ကျုပ်တို့ရပ်တည်မှုကို ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမဲ့ ဆွေးနွေးရမယ်ဆိုလည်း ဆွေးနွေးမှာပဲ။ ဒီအတွက် ပြဿနာ မရှိပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။

F-03