News

POST TYPE

FOREIGN AFFAIRS

လူနေမှုစရိတ်တိုးမြင့်မှု ကာမိစေရန် ဝန်ထမ်းများကို ထောက်ပံ့ကြေးပေးမည်ဟု ဆော်ဒီဘုရင် အမိန့်ထုတ်
07-Jan-2018



ရီးယားဒ်၊ ဇန်နဝါရီ ၆

ပြည်တွင်း ဓာတ်ငွေ့ဈေးနှုန်းများ တိုးမြှင့်ခြင်း၊ ထပ်တိုးတန်ဖိုးအခွန်များ ကောက်ယူလိုက်ခြင်းတို့ကြောင့် လူနေမှုစရိတ် တိုးမြင့်လာမှု ကာမိစေရန် လာမည့် နှစ်ကာလအထိ နိုင်ငံ့ဝန်ထမ်းများကို တစ်လလျှင် ရီယာယ် ၁၀၀၀ ( ၂၆၇ ဒေါ်လာ) ထောက်ပံ့ကြေးပေးမည်ဟု ဆော်ဒီအာရေးဗီးယားဘုရင် ဆယ်မန်က အမိန့်ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဝန်ထမ်းများအပြင် ယီမင်ရှေ့တန်း စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီစစ်သားများကို ထောက်ပံ့ကြေး ရီယာယ် ၅၀၀၀ ပေးမည်ဟု ဘုရင့်အမိန့်တော်တွင် ဖော်ပြထားသည်။

စီးပွားရေးအခြေခိုင်ရေး လုပ်ဆောင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆော်ဒီနိုင်ငံအတွင်း လုပ်ဆောင်လျက်ရှိပြီး ဓာတ်ငွေ့ဈေးနှုန်းကို တနင်္လာနေ့တွင် နှစ်ဆတိုးလိုက်သလို ကုန်စည်များနှင့် ဝန်ဆောင်မှုများကိုလည်း အခွန် ၅ ရာခိုင်နှုန်း ကောက်ယူမည်ဖြစ်သည်။

ယင်းကဲ့သို့သော လုပ်ဆောင်ချက်များကြောင့် လူ့အဖွဲ့အစည်းတွင်းရှိ အချို့သော အစိတ်အပိုင်းများအပေါ် ဝန်ထုပ်ဝန်ပိုးများ တိုးပွားလာသဖြင့် ထောက်ပံ့ကြေး ပေးရခြင်းဖြစ်သည်ဟု ဘုရင့်အမိန့်တော်တွင် ဖော်ပြထားသည်။

ထို့အပြင် အထူးကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ဒေါ်လာ ၂ သိန်းကျော်အထိ တန်ဖိုးရှိသောအိမ်ကို ပထမဆုံးအကြိမ် ဝယ်ယူမှုတို့တွင် ထပ်တိုး အခွန်ကောက်ယူခြင်း ကင်းလွှတ်ခွင့်ပြုရန်၊ ကျောင်းသားများ၊ ပင်စင်စားများ၊ လုံခြုံရေး အမှုထမ်းများအပေါ် ထောက်ပံ့ကြေးတိုးရန်တို့ပါ ဖော်ပြထားသည်။

ယင်းကဲ့သို့သော ထောက်ပံ့ကြေးပေးမှုများ၏ စုစုပေါင်းတန်ဖိုးကို ဘုရင့်အမိန့်တော်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ယခင်ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေများထက် ပိုနည်းမည်ဖြစ်ခြင်းကြောင့် စီးပွားရေးတိုးတက်မှု သို့မဟုတ် နိုင်ငံတော်ဘတ်ဂျက်အပေါ် သက်ရောက်နိုင်ခြေ နည်းလျက်ရှိသည်။

ဆော်ဒီနိုင်ငံတွင် အစိုးရဝန်ထမ်း ၁ ဒသမ ၁၈ သန်း အထိရှိပြီး ပင်စင်စား ၁ ဒသမ ၂၃ ဦး ရှိသဖြင့် စုစုပေါင်း ထောက်ပံ့ငွေပမာဏသည် ရီယာယ် ၂၃ ဘီလီယံ တန်ဖိုးရှိမည်ဟု Reuters က ခန့်မှန်းထားသည်။

လက်ရှိ ဘုရင်နန်းတက်သည့် ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ပြည်သူများကို ပေးအပ်သည့် ထောက်ပံ့ငွေ ပမာဏသည် ရီယာယ် ဘီလီယံ ၁၀၀ အထိ ရှိသည်။

F-05


  • VIA