News

POST TYPE

FOREIGN AFFAIRS

အမေရိကန်ပြည်သူများ ဒေါ်နယ်ထရမ့်ထက် ကင်ဂျုံအန်း၏ စိတ်ကျန်းမာရေးကိုသာ ပူပန်သင့်ဟု အိမ်ဖြူတော်ထုတ်ပြန်
07-Jan-2018



နယူးယောက်၊ ဇန်နဝါရီ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့နျူကလီးယားခလုတ် အရွယ်အစားအကြောင်း တွစ်တာတွင် ရေးသားခဲ့ခြင်းနှင့်ပတ်သက်ပြီး အိမ်ဖြူတော်က ခုခံပြောကြားခဲ့ပြီး အမေရိကန်ပြည်သူများအနေနှင့် သမ္မတထရမ့်ထက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ စိတ်ကျန်းမာရေးကိုသာ ပူပန်သင့်ကြောင်း တုံ့ပြန်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

ကင်ဂျုံအန်းက နှစ်သစ်ကူးမိန့်ခွန်းတွင် သူ့စားပွဲပေါ်၌ နျူကလီးယားခလုတ် တပ်ထားသည်ဟူသော ပြောကြားချက်ကို တုံ့ပြန်သည့်အနေနှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထရမ့်က သူ့နျူကလီးယားခလုတ်မှာ ကင်၏ခလုတ်ထက် ပိုကြီး၊ ပိုအားကောင်း၊ အလုပ်ဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

ယင်းသို့ ကလေးဆန်သော တုံ့ပြန်မှုအပေါ် ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့ပြီး အထူးသဖြင့် အတိုက်အခံ ဒီမိုကရက်တို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က အန္တရာယ်ကြီးလောက်အောင် အဆင်ခြင်မဲ့လွန်းသည့်စကားဟု ဝေဖန်ခဲ့သည်။

စိတ်ကူးတည့်ရာပြောနေသည့် အမေရိကန်သမ္မတ၏ စိတ်ကျန်းမာရေးအပေါ် အမေရိကန်ပြည်သူများအနေနှင့် ပူပန်စရာရှိလာနိုင်သလားဟု သတင်းထောက်များက အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်ကို မေးမြန်းခဲ့ရာ ဆန်းဒါးစ်ကထရမ့်ထက် ကင်၏ စိတ်ကျန်းမာရေးကိုသာ ပူပန်စရာရှိသည်ဟု ဖြေကြားခဲ့သည်။

“သမ္မတနဲ့ ဒီတိုင်းပြည်က ပြည်သူတွေအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စိတ်ကျန်းမာရေးကိုသာ ပူပန်သင့်ပါတယ်။ သူ (ကင်) ဟာ ခြိမ်းခြောက်မှုတွေ ထပ်တလဲလဲလုပ်ခဲ့တယ်။ နှစ်ပေါင်းများစွာ ဒုံးကျည်တွေ အကြိမ်ကြိမ်စမ်းခဲ့တယ်။ အခု သမ္မတက ကြောက်မနေဘဲ၊ အားနည်းမနေဘဲ သူလုပ်မယ်လို့ပြောတဲ့အတိုင်း လုပ်နေတာ၊ ရပ်တည်နေတာ၊ အမေရိကန်ပြည်သူတွေကို ကာကွယ်နေတာဖြစ်ပါတယ်”ဟု ဆန်းဒါးစ်က ခုခံပြောကြားခဲ့သည်။

မြောက်ကိုရီးယားနျူလက်နက်နှင့် ဒုံးကျည်စီမံကိန်းအရေး တင်းမာနေချိန်တွင် ထရမ့်နှင့်ကင်တို့သည် ထိုးနှက်သည့်စကားများ အပြန်အလှန်ပြောကြားခဲ့ကြသည်။ အစောပိုင်းတွင် စကားအမှားမှသည် စစ်ပွဲကြီးဖြစ်လာမည်အထိ စိုးရိမ်မှုများ ရှိလာခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး၏ စကားလုံးရန်ပွဲမှာ လူမှုကွန်ရက်ပေါ်တွင် ရယ်ပွယ်ဖွဲ့စရာဟာသများ ဖြစ်လာခဲ့သည်။

F-03