News

POST TYPE

FOREIGN AFFAIRS

အီရန်အရေး ကုလလုံခြုံရေးကောင်စီ ခေါ်ယူသည့် အမေရိကန်ကို ရုရှား ပြင်းပြင်းထန်ထန်ဝေဖန်
07-Jan-2018 tagged as အီရန်


ဝါရှင်တန်၊ ဇန်နဝါရီ ၆

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူသည့် အမေရိကန်ကို ရုရှားက  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ရုရှားကိုယ်စားလှယ် ဗက်ဆီလီနီ ဘန်ဇီယာက ပြည်တွင်းရေးကိစ္စတစ်ခုတွင် ကောင်စီက ပါဝင်ပတ်သက်ခြင်းမှာ ကောင်စီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ဆန္ဒပြမှုများသည် ရဲရင့်သောပြည်သူများ၏ အားကောင်းသော ထုတ်ဖော်ပြသမှုဟု ချီးကျူးခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကလည်း အမေရိကန်သည် ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးအနေနှင့် အာဏာကို အလွဲသုံးစားပြုလုပ်သည်ဟု ဝေဖန်သွားသည်။

အီရန်တွင် ဆန္ဒပြပွဲများအတွင်း မငြိမ်သက်မှုများကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

တိုင်းပြည်စီးပွားရေးအခြေအနေ ယိုယွင်းလာမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့အပေါ် မကျေနပ်ရာမှ ဒီဇင်ဘာလအတွင်း အီရန်နိုင်ငံရှိ မြို့တစ်မြို့တွင် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

နောက်ပိုင်းတွင် အခြားမြို့များသို့ ပျံ့နှံ့သွားခဲ့ကာ အစိုးရနှင့် ဘာသာရေးခေါင်းဆောင်များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အသွင်ဆောင်လာခဲ့သည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင်မူ နိုင်ငံအတွင်းမှ ပုန်ကန်ဖီဆန်မှုများ အရေးနိမ့်သွားပြီဖြစ်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ကြေညာခဲ့သည်။

အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သော အမေရိကန်ကို အဖွဲ့ဝင်နိုင်ငံအချို့က ဖေဝန်ခဲ့သည်။

အမေရိကန်သည် တစ်ကမ္ဘာလုံး၏ အမြင်တွင် ကိုယ်ကျင့်တရား၊ နိုင်ငံရေးနှင့် ဥပဒေကြောင်းအရ အာဏာပိုင်မှု၊ စိတ်ချယုံကြည်ရမှု အားလုံးဆုံးရှုံးသွားပြီဖြစ်သည်ဟု အီရန်ကိုယ်စားလှယ် ဂိုလာမာလီ ခိုရှရိုးက ဝေဖန်ခဲ့သည်။

အရေးပေါ်အစည်းအဝေးတွင် ပြင်သစ်က အီရန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပါက ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု သတိပေးခဲ့သည်။ 

မကြာသေးမီက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများသည် စိုးရိမ်ဖွယ်ဖြစ်သော်လည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်းမရှိဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ဆွာဒဲလက်ထရီက ထောက်ပြခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်သာ ဆောင်ရွက်သင့်သည်ဟု ဒဲလက်ထရီက သုံးသပ်ခဲ့သည်။ 

အိုဘားမားလက်ထက်က အီရန်နှင့် ကမ္ဘာ့နိုင်ငံကြီးများ ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်ကို ထရမ့်က အတည်ပြုပေးရန် ငြင်းဆန်နေသည်။ 

F-03