News

POST TYPE

FOREIGN AFFAIRS

ပါကစ္စတန်ကို အမေရိက၏ အကူအညီများအလိမ်ခံရဟု ထရမ့်ဆိုခဲ့၍ ပါကစ္စတန် ပြန်လည်တုံ့ပြန်
04-Jan-2018



အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ထုံးစံအတိုင်း Twitter တွင် စာသားများရေးတင်ခဲ့ရာ ယခုတစ်ခါ ပါကစ္စတန်ကိုပေးနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးအကူအညီအပေါ် ပြောကြားဝေဖန်ခဲ့ပြီး ပါကစ္စတန်ဘက်ကလည်း အမေရိကန်သံအမတ်ကို ဆင့်ခေါ်ဖြေရှင်းခိုင်းသည်အထိ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

တနင်္လာနေ့က ထရမ့်တစ်ယောက် Twitter တွင် ရေးသားခဲ့သည်မှာ ပါကစ္စတန်ကို အမေရိကက ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ရူးသွပ်မိုက်မဲစွာ ဒေါ်လာ ၃၃ ဘီလီယံ ထောက်ပံ့ခဲ့သော်လည်း လိမ်လည်လှည့်ဖျားမှုများသာ ပြန်ရခဲ့သည်ဟု ရေးသားခဲ့သည်။

ယင်းသို့ ဖော်ပြချက်ကို ပါကစ္စတန်ဘက်က အလွန်စိတ်မချမ်းမသာ ဖြစ်ခဲ့ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် ဖြစ်ခဲ့သော စုပေါင်းကျရှူံးမှုများအတွက် ပါကစ္စတန်တွင်သာ တာဝန်ရှိသည် မဟုတ်ပါကြောင်း ပြောကြားခဲ့သည်။

“ပါကစ္စတန်တွေဟာ အာဖဂန်ဘက်မှာ ကျုပ်တို့လိုက်ဖမ်းနေတဲ့ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးထားတယ်။ ခုတော့ သူတို့ကို ထပ်မပေးတော့ပါဘူး”ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ ၂၀၁၈ အစောဆုံး tweet တွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ထရမ့်၏ ထိုသို့ပြောကြားချက်အပေါ် ပါကစ္စတန် နိုင်ငံရေးလောကနှင့် သုံးသပ်သူများက ရှုတ်ချပြောဆိုခဲ့ကြသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး အဆိုပါကိစ္စရပ်ကို ရှင်းပြရန် ပြောဆိုခဲ့သည်။ 

ပါကစ္စတန်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က နိုင်ငံတော်လုံခြုံရေး ကော်မတီအရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို ဝန်ကြီးချုပ် ရှာဟစ်ခါကန် အဘာဆီကိုယ်တိုင် ဦးဆောင်ခဲ့သည်။ 

အဆိုပါ အစည်းအဝေးပြီးနောက် အမေရိကန်သမ္မတ၏ ပြောကြားချက်အပေါ် တရားဝင်ကန့်ကွက်သွားခဲ့ပြီး အာဖဂန်တွင် အားလုံးကျရှုံးခဲ့မှုအပေါ် ပါကစ္စတန်ကို အပြစ်ဖို့နေသည်ဟု ဆိုထားသည်။ 

အာဖဂန်တွင် တပ်စွဲထားသည့် ထောင်ပေါင်းများစွာသော အမေရိကန်နှင့် မဟာမိတ်တပ်များက ပါကစ္စတန်ဘက်မှ ထောက်ပို့လမ်းကြောင်းကို အဓိကမှီခိုနေရသည်။

ပါကစ္စတန်နှင့်အမေရိကန်တို့ ဆက်ဆံရေး ပြတ်တောက်ရန်ကား ဖြစ်နိုင်ခြေနည်းပါးကြောင်း ဒေသတွင်း အရေးသုံးသပ်သူများက ဆိုသည်။ 

F-02

  • VIA