News

POST TYPE

FOREIGN AFFAIRS

ကွန်ဆာဗေးတစ် ဆီဘက်ရှန်ကား၏ လက်အောက်တွင် ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ရန် ဩစတြီးယားလက်ယာစွန်းပါတီ သဘောတူ
17-Dec-2017

ဗီယင်နာ၊ ဒီဇင်ဘာ ၁၆

ဩစတြီးယားနိုင်ငံမှ ကွန်ဆာဗေးတစ် ပြည်သူ့ပါတီက လက်ယာစွန်း ဖရီးဒမ်းပါတီနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်သူ့ပါတီ အနိုင်ရသော်လည်း အမတ်နေရာအများစု မရသည့် ပါလီမန်ရွေးကောက်ပွဲများအပြီး နှစ်လအကြာတွင် ယခုသဘောတူညီမှု ရရှိသွားခြင်းဖြစ်သည်။

အသက် ၃၁ နှစ်သာရှိသေးသော ပြည်သူ့ပါတီခေါင်းဆောင် ဆီဘက်ရှန်ကားသည် ကမ္ဘာတွင် အသက်အငယ်ဆုံး အစိုးရအကြီးအကဲ ဖြစ်လာမည်ဖြစ်သည်။ 

မဟာမိတ်ဖွဲ့မှု အတည်ဖြစ်သွားပါက ဩစတြီးယားသည် လက်ယာစွန်းပါတီ အာဏာရသော ပထမဆုံး အနောက်ဥရောပ နိုင်ငံဖြစ်လာမည်ဖြစ်သည်။

၎င်းပါတီများသည် ၂၀၀၀ နှင့် ၂၀၀၅ အကြားတွင်လည်း နိုင်ငံကို အတူတကွ အုပ်ချုပ်ခဲ့ကြဖူးသည်။

ခေါင်းဆောင်နှစ်ဦးက အစိုးရဖွဲ့စည်းရေးကိစ္စ အသေးစိတ်ကို မပြောသေးဘဲ စနေနေ့တွင် သမ္မတ အလက်ဇန်းဒါးဗန်ဒါဘာလင်နှင့် သက်ဆိုင်ရာ ပါတီအသီးသီးကို ဦးစွာအသိပေးမည်ဟု ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က ကျင်းပသော ဩစတြီးယား ရွေးကောက်ပွဲတွင် ပြတ်သားသည့်ရလဒ် မထွက်ပေါ်ခဲ့ပေ။

မဲဆွယ်ပွဲများတွင် ဥရောပ၏ လူဝင်မှုဆိုင်ရာ ပြဿနာကသာ လွှမ်းမိုးခဲ့သည်။ ဆီဘက်ရှန်ကားက ဥရောပသို့ လူဝင်သည့်လမ်းများကို ပိတ်မည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းဒုက္ခသည်များကိုလည်း ဩစတြီးယားတွင် နေထိုင်သည့်ကာလ ငါးနှစ်မပြည့်သေးလျှင် အကျိုးခံစားခွင့်များကို မပေးသေးဘဲ ပိတ်ပင်ထားမည်ဖြစ်ကြောင်း ကတိပေးထားကာ ကွန်ဆာဗေးတစ်နှင့် လက်ယာစွန်း မဲဆန္ဒရှင်များကို မဲဆွယ်ခဲ့သည်။

ဖရီးဒမ်းပါတီက ၎င်းတို့၏ မူဝါဒများကို ဆီဘက်ရှန်ကားက ခိုးယူသည်ဟု စွပ်စွဲခဲ့သည်။ ဖရီးဒမ်းအမတ်လောင်း ဟိန်းဇ်ခရှစ်ရှန်စထရာချီက ဆီဘက်ရှန်ကားကို အယောင်ဆောင်ဟု ကင်ပွန်းတတ်ပေးသည်။

ပြည်သူ့ပါတီ အနိုင်ရပြီးနောက် ဆီဘက်ရှန်ကားက “ဒီတိုင်းပြည် ပြောင်းလဲဖို့ အချိန်ကျပြီ။ ဒီတိုင်းပြည် ပြောင်းလဲဖို့ ဒီကနေ့ ခိုင်မာတဲ့ အမိန့်တော် ကျရောက်လာပါပြီ။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ယာယိမ်း ရီဆာ့ဂျင့်ပါတီကလည်း လူဝင်မှုဆန့်ကျင်ရေး၊ ယူရိုငွေ ဝေဖန်ရေးတို့ဖြင့် မဲဆွယ်ခဲ့သော်လည်း လက်ယာစွန်းဖရီးဒမ်းပါတီကဲ့သို့ အာဏာရသည့်အဆင့်သို့ မရောက်နိုင်ခဲ့ပေ။

ယခုနှစ်အတွင်း ပြင်သစ်မှ မာရင်းလီပင်း၏ National Front ပါတီ၊ ဒတ်ချ် တို့၏ Geert Wilders ပါတီ၊ ဂျာမနီမှ ဗီ်ပါတီ စသော ဥရောပလက်ယာစွန်း ပါတီများ ရှုံးပွဲတွေ့နေချိန်တွင် ဩစတြီးယားတို့၏ လက်ယာစွန်း ဖရီးဒမ်းပါတီ အာဏာရလာခြင်းသည် ဥရောပ၏ ခြွင်းချက်ဖြစ်ရပ်တစ်ခု ဖြစ်သည်။

F-04


  • VIA