News

POST TYPE

FOREIGN AFFAIRS

ဥရောပတွင် ခရီးသည် ဝင်ထွက်မှုအများဆုံး အမ်စတာဒမ် လေဆိပ်တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား
17-Dec-2017

အမ်စတာဒမ်၊ ဒီဇင်ဘာ ၁၆

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ရှီဖိုးလ်လေဆိပ်တွင် ဓားဖြင့် ဝှေ့ယမ်း တိုက်ခိုက်သူ အမျိုးသား တစ်ဦးကို ဒတ်ချ် ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး လိုက်နိုင်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုသို့ ဓားဖြင့် တိုက်ခိုက်မှုကြောင့်  နယ်သာလန် ရဲတပ်ဖွဲ့နှင့် လုံခြုံရေး အာဏာပိုင်များက ရှီဖိုးလ်လေဆိပ် နေရာအချို့ကို ပိတ်ပင်ခဲ့ရပြီး ခရီးသည်များကိုလည်း အရေးပေါ်ကယ်ထုတ်ခဲ့ရသည်။ 

နယ်သလာလန် စစ်ဘက်ရဲတပ်ဖွဲ့က ယင်းလေဆိပ်သည် ယခုအခါ လုံခြုံမှုရှိသွားပြီဖြစ်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။ 

ဓားဖြင့် တိုက်ခိုက်မှုကြောင့် မည်သူတစ်ဦးမျှ ဒဏ်ရာမရရှိခဲ့ကြောင်း၊ သို့သော် ယင်းဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ယူဆ၍ မရနိုင်သေးကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

ဓားဖြင့် တိုက်ခိုက်သူကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီး လေဆိပ်အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က Twitter တွင် ဖော်ပြသည်။ 

ရှီဖိုးလ်လေဆိပ်သည် ဥရောပတွင်  ခရီးသည်အဝင်အထွက် အများဆုံး လေဆိပ်တစ်ခုဖြစ်ပြီး ဓားဖြင့် တိုက်ခိုက်မှုကြောင့် ပတ်စပို့ စစ်ဆေးရေး(လူဝင်မှုကြီးကြပ်ရေး) နေရာအနီးရှိ ရှီဖိုးလ် ပလာဇာကိုလည်း ယာယီ ပိတ်ပစ်လိုက်ရသည်။ 

“နေ့ခင်းဘက်မှာ လူတစ်ယောက်က လေဆိပ်ထဲက ကျွန်တော်တို့ ရုံးကိုရောက်လာပြီးကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဓားနဲ့ ခြိမ်းခြောက်တယ်။ သူ့ရဲ့ခြေထောက်ကို သေနတ်နဲ့ပစ်ပြီး ဖမ်းခဲ့တာ၊ အခု အမ်စတာဒမ်ဆေးရုံကို ပို့ထားတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 
 
အခင်း ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ရှီဖိုးလ်လေဆိပ်နှင့် ပလာဇာတို့ကို ပြန်ဖွင့်ပေးနိုင်ခဲ့ပြီး လေယာဉ်ဆိုက်ရောက်၊ ပျံသန်းမှု စသည့် ခရီးစဉ်များလည်း နှောင့်နှေးခဲ့ခြင်း မရှိဟုဆိုသည်။

F-01


  • VIA