News

POST TYPE

FOREIGN AFFAIRS

ပါလက်စတိုင်းရော့ကတ် ပစ်ခတ်မှုများကြောင့် ဂါဇာနယ်စပ်ဖြတ်ကျော် နေရာအားလုံး ပိတ်လိုက်ပြီဟု အစ္စရေးကြေညာ
15-Dec-2017

ဂျေရုစလင်၊ ဒီဇင်ဘာ ၁၄

ဂါဇာကမ်းမြောင်ဘက်မှ ပါလက် စတိုင်း ရော့ကတ် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီးနောက် ဂါဇာ နယ်စပ်ဖြတ်ကျော်နေရာများ အားလုံးကို ပိတ်စ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးဘက်က ကြေညာခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီးနောက် ပါလက်စတိုင်းသားတို့၏ ဒေါသတကြီး တုံ့ပြန်မှုများ ဖြစ်ပွားခဲ့သည်။

ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသော ဟားမားစ်အဖွဲ့ပိုင် ထောက်ပံ့ အဆောက်အအုံ သုံးခုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ အရုဏ်မတက်မီအချိန်တွင် အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်သည်။

လေ့ကျင့်ရေး စခန်းများနှင့် လက်နက် သိုလှောင်ရာ ခြံဝင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဘက်က ထုတ်ပြန်ထားသည်။ နယ်စပ်ဆက်ဆံရေး တင်းမာနေချိန်တွင် ဟားမားစ်တို့သည် ယင်းသို့သော နေရာမျိုးမှာ ကြိုတင် တိမ်းရှောင်ထားလေ့ရှိသည်။

ဂါဇာကမ်းမြောင်မှ ပစ်လွှတ်လိုက်သည့် ရော့ကတ်နှစ်စင်းကို အစ္စရေး၏ သံကွန်ခြာ ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်ဟန့်တားခဲ့ပြီး ကျန်တစ်စင်းမှာမူ လူသူ မရှိသည့်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

လုံခြုံရေး အခြေအနေ အကဲဖြတ်ချက်အရ ဂါဇာကမ်းမြောင်သို့ စားနပ်ရိက္ခာများ ဝင်ရောက်ရာ အဓိက လမ်းကြောင်းဖြစ်သည့် ကာရမ်ရှလွန်မ် နယ်စပ်ဖြတ်ကျော်နေရာနှင့် အီရက်ဇ် လူအဝင်အထွက် နယ်စပ်ဖြတ်ကျော်နေရာတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပိတ်လိုက်ပြီဖြစ်သည်ဟု အစ္စရေးစစ်ဘက်က ထုတ်ပြန်သည်။ ပိတ်ပင်မှု မည်မျှကြာမည်ဆိုခြင်းကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ဒီဇင်ဘာလ ၆ ရက်နေ့ ထရမ့်၏ ထုတ်ပြန်ချက် နောက်ပိုင်းတွင် အစ္စရေးတောင်ပိုင်းသို့ ရော့ကတ် ၁၅ စင်းအထိ ဝင်ရောက်လာခဲ့သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။

အစ္စရေးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ရာ ဟားမားစ်အဖွဲ့ဝင် သေနတ်သမားနှစ်ဦး သေဆုံးခဲ့သည်။ နယ်စပ်မှ ကျောက်ခဲဖြင့် ပစ်ပေါက်ကန့်ကွက်သည့် ဆန္ဒပြမှုတွင် အစ္စရေးရဲများနှင့် ထိပ်တိုက်တွေ့သော ပါလက်စတိုင်း နှစ်ဦး သေဆုံးခဲ့သည်။

အစ္စရေးအစိုးရအဖွဲ့ရေးရာ ဝန်ကြီး Tzachi Hanegbi က ယခုပစ်ခတ်မှုမှာ ဟားမားစ်အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ခွဲထွက်အုပ်စုများမှ စစ်သွေးကြွများကို ထိန်းချုပ်ရန် ဟားမားစ်တွင် တာဝန်ရှိကြောင်း သို့မဟုတ်ပါက အစ္စရေးစစ်တပ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် ကျင်းပသော မွတ်စလင်နိုင်ငံ ၅၀ ကျော်၏ ထိပ်သီးဆွေးနွေးပွဲတွင် ထရမ့်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုပေးခြင်းဖြင့် ကမ္ဘာကြီးက တုံ့ပြန်ရန် တောင်းဆိုခဲ့ကြသည်။

F-03


  • VIA