News

POST TYPE

FOREIGN AFFAIRS

MTV တွင် စိတ်လှုပ်ရှားဖွယ် အမူအရာဖြင့် ငှက်ပျောသီးစားပြသည့် အီဂျစ်အဆိုတော် ထောင်၂ နှစ်ကျ
14-Dec-2017
ကိုင်ရို၊ ဒီဇင်ဘာ ၁၃

ဘာသာရေးအရ ရှေးရိုးစွဲများလည်းရှိသော အီဂျစ်နိုင်ငံတွင် အမျိုးသမီးတေးသံရှင် တစ်ဦးက တေးဂီတဗီဒီယိုတစ်ခုတွင် ငှက်ပျောသီးတစ်လုံးကို လိင်ပိုင်းဆိုင်ရာ ညှို့ငင်သော အမူအရာအပြည့်ဖြင့် စားပြနေခဲ့သည့်အတွက် အီဂျစ် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း BBCသတင်းတစ်ရပ်က ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ် ရှိင်မာအာမက်၏ အဆိုတော်နာမည်မှာ သျှီမာဖြစ်ပြီး ပြီးခဲ့သည့်လက အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သျှီမာသည် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ဖြားယောင်းပြီး မသင့်လျော်သော ဗီဒီယိုကို ထုတ်လုပ်ခဲ့သည်ဟုဆိုကာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ထို ဗီဒီယို၏ ဒါရိုက်တာကိုလည်း မျက်ကွယ်ထောင်ဒဏ် ၂နှစ် ချမှတ်ထားလိုက်သည်။

I Have Issues ဟု အမည်ရသည့် အဆိုပါသီချင်းကို မသင့်လျော်သည့်ပုံစံဖြင့် တင်ဆက်မိသဖြင့် တောင်းပန်ပါကြောင်း သျှီမာက အဖမ်းမခံရခင်တွင် တောင်းပန်စကား ပြောကြားခဲ့သည်။

“ဒါတွေဖြစ်လာမယ်လို့ မထင်မိပါဘူး။ လူတိုင်းက ဒီလောက်ကြီး ဝိုင်းဆော်ကြလိမ့်မယ်လို့လည်း မထင်ပါဘူး”ဟု ယခုအခါ ဖျက်လိုက်ပြီဖြစ်သော ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ 
ပြီးခဲ့သည့်နှစ်ကလည်း လိင်ညှို့အားပြင်း အကတွေကို ဗီဒီယိုထဲမှာ ကပြခဲ့သည့် အီဂျစ် ကချေသည်သုံးဦးကို တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သေးသည်။ 

နိုင်းလ်မြစ်ထဲမှ ရေကိုသောက်လျှင် လူအများ ကျန်းမာရေးထိခိုက်နိုင်သည်ဟု အဆိုတော်တစ်ဦးက ပြောခဲ့မှုအတွက်လည်း ကောလာဟလဖြန့်မှုဖြင့် တရားရင်ဆိုင်ရလျက် ရှိသည်။

နိုင်းလ်မြစ်ထဲက ရေသောက်ပြီးပြီလားဆိုသည့် သီချင်းကို ပရိသတ်က တောင်းဆိုရာတွင် အဆိုတော်က နိုင်းလ်မြစ်ရေသောက်ရင် သံကောင်စွဲလိမ့်မယ် ဆိုပြီး ပြန်လည်တုံ့ပြန်သည့် ဗီဒီယိုထွက်လာပြီးနောက် အဆိုတော်ကို ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

အီဂျစ်တွင် သတင်းစာဆရာများ၊ အနုပညာရှင်များ ဖမ်းဆီးခံရမှု များစွာရှိနေပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ပြမှုလည်း ချွတ်ယွင်းလျက် ရှိသည်။ 

F-02


  • VIA