News

POST TYPE

FOREIGN AFFAIRS

လူမျိုးဖြုတ်ရှင်းလင်းမှု ဆိုသည်ကို သက်သေမခိုင်လုံဘဲ မသုံးစွဲရန် လုံခြုံရေးကောင်စီတွင် မြန်မာသံအမတ်ကြီး သတိပေး
13-Dec-2017

ကုလသမဂ္ဂ - ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး များအပေါ် လူမျိုးဖြုတ်ရှင်းလင်းမှုများ ပြုလုပ်နေသည်၊ လူ့ကျင့်ဝတ်ချိုးဖောက်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည် ဟူသော စကားလုံး အသုံးအနှုန်းများကို ခိုင်မာသည့် သက်သေ အထောက်အထားနှင့် ဥပဒေကြောင်းအရ ဆုံးဖြတ်ချက် မရှိဘဲ မသုံးနှုန်းသင့်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီတွင် သတိပေး ပြောကြားလိုက်ကြောင်း ကုလသမဂ္ဂ၏ UNTV ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရခိုင်အရေးကိစ္စတွင် လူ့အခွင့်အရေး ဟူသောခေါင်းစဉ်ဖြင့် မိမိတို့နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ထပ်ခါတလဲလဲ ဖိနှိပ်ပြောဆိုမှုများကို လက်သင့်မခံပါကြောင်း၊ ထိုသို့ နိုင်ငံရေးအရ ဖိအားပေးမှုများနှင့် အင်အားသုံးကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်နေခြင်းဖြင့် အပြုသဘော ဆောင်သည့်ရလဒ် ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်မည်မဟုတ်ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သော လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုသည်။ 

“ပို၍ဆိုရလျှင် မြန်မာနိုင်ငံ၏ တရားဝင် အမည်နာမ (Myanmar-မြန်မာ) ကိုပင် ခေါ်ဆိုမှုပြုမည့်ကိစ္စကို ထပ်ခါတလဲလဲ ငြင်းဆန်နေကြသည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အချို့၏ သဘောထားအပေါ် ကျွနု်ပ်တို့အနေနှင့် ကြီးမားသည့် သံသယ ဖြစ်မိပါသည်။ ထိုသို့ အထက်စီးဆန်ပြီး ရန်စလိုသော စိတ်နေ သဘောထားတို့က အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်စေမည် မဟုတ်ပေ”ဟု ၎င်းက သတိပေး ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အကယ်၍ ယင်းသို့ အမှန်တကယ် ချိုးဖောက်မှုရှိသည်ကို တွေ့ရှိသည်ဆိုပါက မြန်မာအစိုးရအနေနှင့် မည်သူ၊ မည်သည့် အဖွဲ့အစည်းပင်ဖြစ်စေ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်တွင်း လူ့အသိုင်းအဝိုင်းများအကြား တင်းမာမှုများကို လျှော့ချရေးနှင့် ဘင်္ဂါလီဒုက္ခသည်များ လုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် နေရပ်သို့ပြန်နိုင်မည့် အနေအထားတစ်ခု ဖန်တီးပေးရေးအတွက် ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်သည်ဟု ဖော်ပြထားသည်။ 

ဘင်္ဂါလီဒုက္ခသည်များ နေရပ် (ရခိုင်ပြည်နယ်)သို့ ပြန်လည် ဝင်ရောက်မည့်ကိစ္စကို ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းချက်များနှင့်အတူ အကောင်အထည် ဖော်ရမည်ဖြစ်သလို ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ရေးရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များနှင့်အတူ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သင့်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးရာ အထူးကိုယ်စားလှယ် ဂျက်ဖရီဖက်လ်မန်းက ပြောကြားသည်။ 

F-01  


  • VIA