News

POST TYPE

FOREIGN AFFAIRS

လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်မှုဟု မြန်မာသံအမတ်ကြီးတုံ့ပြန်
06-Dec-2017
ဂျနီဗာ - ရန်ကုန်၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအပေါ် အကြမ်းဖက်မှုများသည် လူသားကျင့်ဝတ် ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် အလွန် တူညီနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားခြင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက တုံ့ပြန်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

မြန်မာသံအမတ်ကြီး ဦးထင်လင်းက လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော် စော်ကားခြင်းဖြစ်သလို တိကျမှန်ကန်သည့် အချက်အလက်များအပေါ် အခြေခံခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ 

ထို့ပြင် ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များကို ပြန်လည် လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ ရရှိထားသော သဘောတူညီချက်အပေါ် နားလည် သဘောပေါက်ရန် လိုအပ်သည် ဟူသောအချက်ကို ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးပွဲ တစ်ရပ်ကို အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရအနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးသည့် မစ်ရှင်များနှင့်အတူ ကုလသမဂ္ဂ  စုံစမ်းစစ်ဆေးမှုများကို လက်သင့်ခံပေးရန်နှင့် အကြမ်းဖက် တိုက်ခိုက်ခံရသူများအတွက် တရားစီရင်ပေးရန် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်က တောင်းဆိုလိုက်သည်။ 

ယင်းဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျ အပါအဝင် အခြားနိုင်ငံအချို့က တင်သွင်းခဲ့သော်လည်း လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ ထောက်ခံမှုကိုတော့ မရရှိခဲ့ပေ။ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း မဟာမိတ် တရုတ်နိုင်ငံတို့က ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ဂျပန်၊ အိန္ဒိယနှင့် အခြား ခုနစ်နိုင်ငံတို့က မဲမပေးဘဲ နေခဲ့ကြသည်။ 

မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများက ပြစ်တင်ကန့်ကွက်မှုများကို တရုတ်နိုင်ငံက ရှုတ်ချခဲ့ပြီး ရခိုင်အရေး ပြဿနာ ပြေလည်နိုင်ရေးအတွက် နေပြည်တော် (မြန်မာအစိုးရ) ၏ ကြိုးပမ်းချက်များကို ထောက်ခံကြောင်း တရားဝင် ထုတ်ပြန်လိုက်သည်။ 

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မဲမပေးဘဲနေခဲ့သည့် ဂျပန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ဘင်္ဂါလီများ အကြမ်းဖက် တိုက်ခိုက်ခံရသည်ဟူသောကိစ္စကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးမှာ အရေးကြီးသော်လည်း ရှေ့ဆက်၍ မည်သို့ မည်ပုံ လုပ်ဆောင်မည်ဟူသော ကိစ္စအတွက် မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်ဟု မှတ်ချက်ပေး ပြောကြားသည်။ 

F-01


  • VIA