News

POST TYPE

FOREIGN AFFAIRS

တောင်ကိုရီးယားနှင့် အမေရိကန်လေတပ် စစ်ရေးလေ့ကျင့်၊ နျူကလီးယား စစ်ပွဲဖြစ်သွားမည်ဟု မြောက်ကိုရီးယား သတိပေး
05-Dec-2017

ဆိုးလ်၊ ဒီဇင်ဘာ ၄

တရုတ်နှင့် ရုရှားတို့က ကန့်ကွက်နေကြသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က အကြီးစားပူးတွဲ လေတပ်စစ်ရေး လေ့ကျင့်မှု ဒီဇင်ဘာလ ၄ ရက်နေ့တွင် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ မြောက်ကိုရီးယားကလည်း ယင်းစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲ ချောက်နှုတ်ခမ်းအတွင်း ကျရောက်သွားနိုင်ကြောင်း သတိပေးထားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားက နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့် ပြစ်တင်ရှုတ်ချမှုများကို ဖီဆန်ပြီး အမေရိကကုန်းမကြီးအထိ ရောက်ရှိနိုင်သော အဆင့်အမြင့်ဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်ဟု ကြေညာခဲ့ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ လေတပ်စစ်ရေးလေ့ကျင့်ပြီး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကမူ သက်ဆိုင်သည့်နိုင်ငံ အားလုံးသည် မြောက်ကိုရီးယား၏ နောက်ဆုံး စမ်းသပ်မှုမတိုင်မီ ြငိမ်သက်နေခဲ့သည့် နှစ်လတာဆိုသော အခွင့်အလမ်းကို အရအမိ မဆုပ်ကိုင်နိုင်ခဲ့ဟု သုံးသပ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားဘက်က အကြီးစား စစ်ရေးလေ့ကျင့်မှုများ မလုပ်ရန်၊ အပြန်အလှန် အနေနှင့် မြောက်ကိုရီးယားက လက်နက်စီမံကိန်းကို ရပ်ဆိုင်းရန် တရုတ်နှင့်ရုရှားတို့က ပူးတွဲ အဆိုပြုခဲ့သည်။ နှစ်ဖက် ရပ်စဲမှုဆိုသော အဆိုပြုချက်ကို တရုတ်က တရားဝင်ချပြခဲ့ခြင်းဖြစ်သည်။ 

Vigilant Ace ဟု အမည်ပေးထားသော အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး လေယာဉ် ၂၃၀ ကျော် ပါဝင်မည်ဖြစ်ကာ F-22 Paptor စတဲ့ တိုက်လေယာဉ် ၆ စင်းလည်း ပါဝင်မည်ဖြစ်သည်။

မြောက်ကိုရီးယား၏ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရူးနေသည်ဟု ဒီဇင်ဘာလ ၃ ရက်နေ့က ဝေဖန်ခဲ့ပြီး စစ်ရေး လေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်မှ ပြင်းထန်ဆိုးရွားသော အခြေအနေမှသည် နျူကလီးယားစစ်ပွဲ ချောက်နှုတ်ခမ်းအတွင်း ကျရောက်သွားစေနိုင်သည်ဟု သတိပေးခဲ့သည်။

အမေရိကန်၏ ပဉ္စမမျိုးဆက် နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်များလည်း ပါဝင်လေ့ကျင့်မည်ဖြစ်ပြီး F-35 တိုက်လေယာဉ် အရေအတွက် အများဆုံး ပါဝင်သည့် 
စစ်ရေးလေ့ကျင့်မှု ဖြစ်လာမည် ဖြစ်သည်။

အမေရိကန် မရိန်းနှင့် ရေတပ် အပါအဝင် စစ်သည် ၁၂၀ဝ၀ ခန့်သည် တောင်ကိုရီးယား စစ်သည်များနှင့် ပူးတွဲ လေ့ကျင့်မည်ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား 
စစ်စခန်းခြောက်ခုမှ လေယာဉ်များ ပူးပေါင်း ပါဝင်သည့် လေ့ကျင့်မှုလည်းဖြစ်သည်။

B-1B Lancer ဗုံးကြဲ လေယာဉ်များလည်း ယခု စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နိုင်သည်ဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြသည်။ အမေရိကန် လေတပ်ကမူ ယင်းသတင်းကို အတည်မပြုပေ။

မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ပြီးနောက် အကြီးစား အရေးယူပိတ်ဆို့မှုများ ထပ်တိုးချမှတ်သွားမည်ဟု ထရမ့်က ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ ထောက်ပံ့ပေးသော နိုင်ငံများစာရင်းတွင် ထရမ့်က ပြန်လည် ထည့်သွင်းခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ထိန်းမနိုင် သိမ်းမရဖြစ်အောင် ဆွပေးနေပြီး မြောက်ကိုရီးယားနိုင်ငံကို ဖျက်ဆီးရန် ဒုံးကျည်စီမံကိန်းကို အကြောင်းပြချက်အဖြစ် သုံးရန် ကြိုးပမ်းနေသည်ဟု ရုရှားက ဝေဖန်ထားသည်။

တရုတ်ကလည်း တင်းမာမှု မြင့်တက်စေသော မည်သည့် အပြုအမူကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ 

F-03


  • VIA