News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားအရေး ဆွေးနွေးရန် ဒီဇင်ဘာလတွင် ကုလလုံခြုံရေးကောင်စီစည်းဝေးမည်
03-Dec-2017

နယူးယောက်၊ ဒီဇင်ဘာ ၂

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအရေးကို ဆွေးနွေးရန် ဒီဇင်ဘာလ ၁၅ ရက်တွင် စည်းဝေးကြမည်ဖြစ်ပြီး ပြုံယမ်း၏မဟာမိတ် ဘေဂျင်းက ပြီးခဲ့သော သုံးနှစ်လုံးလုံး တားဆီးခဲ့သောလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစည်းအဝေးကိုလည်း ယခုလအတွင်း သီးခြားခေါ်ယူမည်ဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၅ ရက် အစည်းအဝေးကို တက်ရောက်ရန် အဖွဲ့ဝင်ဝန်ကြီးအများစုက သဘောတူထားကြပြီဟု လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ဒီဇင်ဘာလအတွက် ဥက္ကဋ္ဌဖြစ်သူ ကာလဆိုင်ရာဂျပန် သံအမတ်ကြီးကိုရိုဘက်ရှိုက ပြောကြားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစည်းအဝေးကိုလည်း ဒီဇင်ဘာလ ၁၁ ရက်တွင် ကျင်းပဖွယ်ရှိသည်ဟု ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယား၏ လူ့အခွင့်အရေးကိစ္စဆိုင်ရာ ယခင်အစည်းအဝေးသုံးကြိမ်ကို တရုတ်နိုင်ငံကတားဆီးရန် ကြိုးစားခဲ့ပြီး မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့သည်။ ယင်းကဲ့သို့ မဲခွဲမှုတွင် အနိုင်ရရန် အနိမ့်ဆုံးကိုးမဲလိုအပ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က မဲပေးခွင့်မရှိပေ။

ယခုနှစ်အစည်အဝေးကိုမူ အဖွဲ့ဝင်ကိုးနိုင်ငံ (အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ ဆီနီဂေါလ်၊ ဆွီဒင်၊ ယူကရိန်းနှင့် ဥရုဂွေး) က ထောက်ခံခဲ့သည်။

မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂက ထိထိရောက်ရောက် အရေးယူခဲ့သည့် ၂၀၁၄ ဆုံးဖြတ်ချက်တွင် အစိုးရက လုပ်ဆောင်နေသော နာဇီပုံစံ နှိပ်စက်မှုများကို  ကြီးကြပ်မှုအတွက် လုံခြုံရေးဆိုင်ရာအကြီးအကဲဖြစ်သူ (ခေါင်းဆောင်လေး ကင်မ်ကိုယ်တိုင်) ကို တရားစွဲဆိုမည့်အချက် ပါဝင်သည်။

ထိုအစီရင်ခံစာကိုရေးသားခဲ့သော ကုလစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ မိုက်ကယ်ကာဘီက ကော်မရှင်ကတွေ့ရှိခဲ့သော ရာဇဝတ်မှုများသည် နာဇီခေတ်ကို ပြန်လည်အမှတ်ရစေပြီး လုံးလုံးလျားလျားဆင်တူမှုရှိသည်ဟု ပြောကြားခဲ့သည်။

အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှု  စွပ်စွဲချက်များကို မြောက်ကိုရီးယားက ထပ်တလဲလဲငြင်းဆိုခဲ့ပြီး အမေရိကန်နှင့် အပေါင်းအပါများက မည်သို့ပင် ပိတ်ဆို့အရေးယူစေကာမူ မြောက်ကိုရီးယားနိုင်ငံသည် ပြည်သူများ၏ စားဝတ်နေရေးနှင့် အနာဂတ်အတွက် အစွမ်းကုန် အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ကုလဆိုင်ရာ မြောက်ကိုရီးယားသံအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။


  • VIA