News

POST TYPE

FOREIGN AFFAIRS

အတိုက်အခံပါတီကို ဖျက်သိမ်းရန် ကမ္ဘောဒီးယားတရားရုံး စဉ်းစား
17-Nov-2017

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၆

ကမ္ဘောဒီးယားတွင် အာဏာရပါတီခေါင်းဆောင် ဟွန်ဆန်ကစွဲချက်တင်သောအမှုတွင် အတိုက်အခံပါတီကို ဖျက်သိမ်းပစ်ရန် ဗဟိုတရားရုံးက စဉ်းစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အစိုးရကိုဖြုတ်ချရန် ကြံစည်နေသည်ဟု စွပ်စွဲခံရသော အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီ CNRP က ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားပြီး နိုင်ငံရေးအရ ထိုးနှက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အမှုကို ကြားနာနေသည့် တရားသူကြီးမှာ အာဏာရ ပါတီဝင်ဖြစ်သောကြောင့် အစိုးရဘက်ကိုလိုက်၍ ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။ ၂၀၁၈ ရွေးကောက်ပွဲများ မတိုင်မီ ထွက်ပေါ်လာသော ထိုအမှုကို လူ့အခွင့်အရေး အုပ်စုများက ပြစ်တင်ဝေဖန်လျက် ရှိသည်။

အတိုက်အခံ CNRP သည် အာဏာရ CPP ပါတီ၏ပြိုင်ဘက်ဟု ရှုမြင်ခြင်းခံနေရပြီး ၂၀၁၃ ရွေးကောက်ပွဲတွင် အာဏာရပါတီကို ဆယ်စုနှစ်တစ်စုအတွင်း ထိထိရောက်ရောက် စိန်ခေါ်နိုင်ခဲ့သည်။

ယခုနှစ် အစောပိုင်း ဒေသန္တရ ရွေးကောက်ပွဲများတွင်လည်း ဆက်လက် အောင်မြင်မှုများရရှိခဲ့ရာ လာမည့် ၂၀၁၈ ဇူလိုင်လ ရွေးကောက်ပွဲများအတွက် အလားအလာ ကောင်းဟု ရှုမြင်ကြသည်။

သို့ရာတွင် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက CNRP ပါတီ ဖျက်သိမ်းခံရမည့်အပြင် ပါတီဝင်များ နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်လျှင် ကမ္ဘောဒီးယားတွင် နိုင်ငံရေး အတိုက်အခံ ရှိတော့မည်မဟုတ်ဟု သံတမန်တစ်ဦးက ပြောကြားသည်။

အစိုးရသည် ၎င်းအား ဝေဖန်သူများနှင့် အတိုက်အခံများကို နှိမ်နင်းဖြိုခွဲနေသည်ဟု စွပ်စွဲခြင်း ခံနေရသည်။

ကြာသပတေးနေ့က ဖနွမ်းပင်ရှိ တရားရုံးချုပ် အပြင်ဘက်တွင် လုံခြုံရေး ထူထပ်စွာ ချထားသည့်အပြင် အဓိက လမ်းမကြီးများကိုလည်း ပိတ်ထားကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်က တရားရုံး ဆုံးဖြတ်ချက်မချမီ ပါတီမှနုတ်ထွက်ကြရန် CNRP အမတ်များကို ခေါ်ယူသတိပေးခဲ့ပြီး အတိုက်အခံပါတီ ဖျက်သိမ်းရေးအတွက် ၎င်း၏ဘဝနှင့် ရင်းထားသောကြောင့် ထိုသို့ဖြစ်လာရန် သေချာကြောင်း ပြောကြားခဲ့သည်။

CNRP ပါတီမှ ဆောင်ခလေက တရားရုံးသည် ဝန်ကြီးချုပ်ဟွန်ဆန်၏ဆန္ဒကို ဆန့်ကျင်မည် မဟုတ်သောကြောင့် ပါတီဖျက်သိမ်းခံရဖို့ များသည်ဟု ပြောကြားသည်။

အတိုက်အခံ CNRP ပါတီဝင် များစွာသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် တရားရုံး ဆုံးဖြတ်ချက်မချမီ ပြည်တွင်းမှ တိမ်းရှောင်သွားကြပြီဖြစ်သည်။

F-04


  • VIA