News

POST TYPE

FOREIGN AFFAIRS

တောင်ကိုရီးယား မြေငလျင်သည် မှတ်တမ်းများအရ ဒုတိယမြောက် အပြင်းထန်ဆုံးဟုဆို
17-Nov-2017

ဆိုးလ်၊ နိုဝင်ဘာ ၁၆

ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားတွင် ရှားရှားပါးပါး လှုပ်သွားခဲ့သော မြေငလျင်သည် မှတ်တမ်းများအရ ဒုတိယမြောက် အပြင်းထန်ဆုံးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ပိုဟန်တွင် မွန်းလွဲပိုင်းက မဂ္ဂနီကျုဒ် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိသော မြေငလျင် လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်လှုပ်မှု အကြိမ်များစွာ ဖြစ်ပေါ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁၅၀ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။

မမျှော်လင့်သော ဖြစ်ရပ်အနေနှင့် ပညာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပရန် စီစဉ်ထားသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဆိုင်းငံ့ထားလိုက်သည်။

ကျောင်းသားများနှင့် မိဘများအတွက် လနှင့်ချီ၍ ပြင်ဆင်ထားရသော အရေးကြီးသည့် စာမေးပွဲတစ်ခုကို သဘာဝ ဘေးအန္တရာယ်ကြောင့် ပြန်လည် စီစဉ်ရခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယားသည် မြေငလျင်ဒဏ် တွေ့ကြုံရမှု ရှားပါးသော်လည်း မြေကြော လှုပ်ခတ်မှု လက္ခဏာများသည် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုပြုလုပ်လျှင် ထွက်ပေါ်လာသော ပထမဆုံး လက္ခဏာများ ဖြစ်သောကြောင့် အထူး သတိထားကာ အနီးကပ် စောင့်ကြည့် အကဲခတ်နေခြင်းဖြစ်သည်။

ယခင်နှစ်ကလည်း ဂျွန်ဂျုမြို့အနီးတွင် မဂ္ဂနီကျုဒ် ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိသော မြေငလျင် လှုပ်ခဲ့ဖူးသော်လည်း ဗုဒ္ဓဟူးနေ့က မြေငလျင်ဒဏ်ကြောင့် ပျက်စီးမှုများက ပိုမိုပြင်းထန်သည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က မြေငလျင်ဒဏ်ကြောင့် အဆောက်အအုံ ၁၀ဝ၀ ကျော်၊ နေအိမ်များနှင့် မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးသွားသည်။

F-04


  • VIA