News

POST TYPE

FOREIGN AFFAIRS

အဂတိ လိုက်စားမှုကို ကောင်းစွာ တိုက်ဖျက်နိုင်ခြင်းမရှိပါက ဆိုဗီယက် ပြည်ထောင်စုကဲ့သို့ တရုတ်ပြည် ပြိုလဲရဖွယ်ရှိဟုဆို
16-Nov-2017

ဘေဂျင်း၊ နိုဝင်ဘာ ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့်ပုံစံမျိုး ဖြစ်မည့်အနရာယ်မှ ကာကွယ်နိုင်ရေးအတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်သွားသင့်သည်ဟု စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး ယန်ဇီယာဒူက သုံးသပ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

တရုတ်နိုင်ငံ အဂတိတိုက်ဖျက်ရေး အဖွဲ့တွင် ဒုတိယ ဩဇာအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည့် ယန်ဇီယာဒူက အဂတိလိုက်စားသည့်ကိစ္စကို အရေးတယူ တိုက်ဖျက်နိုင်ခြင်းမရှိပါက အနီရောင် ကွန်မြူနစ် နိုင်ငံသည် အရောင်ပြောင်းမည့် အန္တရာယ်နှင့် ကြုံတွေ့ရဖွယ် ရှိကြောင်း၊ သို့တည်းမဟုတ် ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသလို အဖြစ်မျိုးနှင့် ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံပိုင် People Daily သတင်းစာတွင် ဆောင်းပါး ရေးသားသည်။

“ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများ၏ အနာဂတ်ကံကြမ္မာသည် ဆိုဗီယက် ယူနီယံနှင့် အရှေ့ပိုင်းနိုင်ငံများ ပျက်စီးသည့် လမ်းဟောင်းအတိုင်း လိုက်ရဖွယ်ရှိသည်”ဟု ၎င်းက သတိပေး ရေးသားသည်။ 

ယန်ဇီယာဒူသည် ပြီးခဲ့သည့် တရုတ်သမ္မတများ အုပ်ချုပ်သည့်လက်ထက်က အဂတိ လိုက်စားမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်သည်။ “ယခင်ခေတ်ကာလများအတွင်း အဂတိလိုက်စားမှုသည် အလွန်မြင့်တက်ခဲ့သည်။ ထိုစဉ်ကပါတီ၏ ခေါင်းဆောင်မှုသည် အားနည်းခဲ့သလို ကြီးကြပ်မှုများလည်း ပျော့ညံ့ခဲ့ပေသည်”ဟု ၎င်းက ထောက်ပြသည်။ 

အဂတိလိုက်စားမှုသည် တရုတ်နိုင်ငံတွင် ဆိုးရွားသည့်အဆင့် တစ်ဆင့်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိပါက နိုင်ငံ၏ အရောင်အသွေးလည်း ပြောင်းလဲသွားနိုင်သည်ဟု ၎င်းက ဆက်လက်ရေးသားသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း မစ္စတာယန်ဇီယာဒူကဲ့သို့ပင် ပါတီ၏ ပျော့ညံ့မှုနှင့် ဦးဆောင်မှု အရည်အသွေး နိမ့်ကျခြင်းတို့က တစ်တိုင်းပြည်လုံး ယမ်းပုံမီးကျဖြစ်မည့် အနေအထားသို့ ရောက်စေမည်ဟူသော သဘောတရားကို ယုံကြည်သူ ဖြစ်သည်။ 

ရှီကျင့်ဖျင်သည် သမ္မတရာထူး ရရှိလာသည့်အချိန်ကတည်းက အဂတိ လိုက်စားမှုကိစ္စကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်လက ကျင်းပပြုလုပ်သော ကွန်မြူနစ်ပါတီ ကွန်ဂရက်နှင့် ပေါလစ်ဗြူရိုခေါင်းဆောင်များ ပြောင်းလဲခန့်အပ်သည့် လုပ်ငန်းစဉ်တွင် ၎င်းအထူးယုံကြည်စိတ်ချရသူ(ရှီကျင့်ဖျင်၏ ညာလက်ရုံးဆိုသူ) ဝမ်ကီရှန်းအား CCID ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
 
ယန်ဇီယာဒူကမူ သမ္မတရှီကျင့်ဖျင်၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်များသည် တော်လှန်ရေးဆန်ကြောင်း၊ သို့သော် ပါတီ၏ နိုင်ငံရေး ဂေဟစနစ်တွင်း ညစ်ညမ်းမှုများ ရှိနေသေးကြောင်း၊ သို့အတွက်ကြောင့် တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ရှုပ်ထွေးနက်နဲနေဆဲဖြစ်ကြောင်း ဆက်လက် ဖော်ပြသည်။ 

F-01


  • VIA