News

POST TYPE

FOREIGN AFFAIRS

တောင်ကိုရီးယားဘက်သို့ ထွက်ပြေးလာသူ စစ်သားကို မြောက်ကိုရီးယားတပ်ဖွဲ့ သဲကြီးမဲကြီး လိုက်လံပစ်ခတ်
15-Nov-2017


ပြုံယမ်း၊ နိုဝင်ဘာ ၁၄

အစောင့်အကြပ်များ အထူးတင်းကျပ်စွာချထားသော စစ်မက် မဖြစ်ပွားရေးဇုန်မှတစ်ဆင့် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့သူ တစ်ဦးအား မြောက်ကိုရီးယားတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ပစ်ခတ် ခဲ့ရာ ကျည်ဆန်ငါးချက် ထိမှန်သွားသော ကြောင့် တောင်ကိုရီးယားဆရာဝန်များက အစွမ်းကုန် ကုသပေးလျက်ရှိကြောင်း ဃြ သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထွက်ပြေးလာသူမှာ မြောက်ကိုရီးယားစစ်သားတစ်ဦးဖြစ်ပြီး ၎င်းသည် တောင်ကိုရီးယားနိုင်ငံဘက် ပန်မူဂျွန်း ကျေးရွာရှိ ပူးတွဲ လုံခြုံရေး နယ်မြေဘက်သို့ ထွက်ပြေးလာစဉ် မြောက်ကိုရီးယား တပ်ဖွဲ့များ၏ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 

တောင်ကိုရီးယား အာဏာပိုင်များ အဆိုအရ အဆိုပါ စစ်သားသည် ပူးတွဲလုံခြုံရေး နယ်မြေရှိရာသို့ ကားဖြင့် မောင်းနှင်လာသော်လည်း ဘီးပေါက်သွားခြင်းကြောင့် ခရီးဆုံးပိုင်းကို ခြေလျင် လျှောက်ခဲ့ရသည်။ 

မြောက်ကိုရီးယားတပ်ဖွဲ့များက ၎င်းကို အကြိမ် ၄၀ တိတိ ပစ်ခတ်ခဲ့သော်လည်း ၎င်းအနေနှင့် နယ်စပ်ဒေသကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဒဏ်ရာများ ရရှိထားသည့် အဆိုပါစစ်သားကို သစ်ရွက်များကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားက ဆိုသည်။ 

မြောက်ကိုရီးယားမှ တောင်ကိုရီးယားနိုင်ငံဘက်သို့ နှစ်စဉ် လူ ၁၀ဝ၀ ကျော်ခန့် ထွက်ပြေးလေ့ ရှိသည်။ သို့သော် စစ်မက် မဖြစ်ပွားရေးဇုန်မှ ဖြတ်ကျော် ထွက်ပြေးသူမှာ အနည်းအကျဉ်းမျှသာ ရှိသည်။ အကြောင်းမှာ ယင်းနယ်မြေသည် အစောင့်များ အထူး တင်းကျပ်ထားသောကြောင့် ဖြစ်သလို ကမ္ဘာပေါ်တွင် ကင်းအစောင့် အများဆုံးနေရာ တစ်ခုလည်းဖြစ်၍ပင်။ 

ယခုလို ပူးတွဲ လုံခြုံရေး နယ်မြေထဲသို့ မြောက်ကိုရီးယားများ ထွက်ပြေးလာမှုမှာ ပို၍ပင် ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။ ယင်းနယ်မြေ (ပူးတွဲလုံခြုံရေးနယ်မြေ) သည် တောင်ကိုရီးယားဘက်တွင် ကမ္ဘာလှည့်ခရီးသွားများကို အထူး ဆွဲဆောင်နိုင်သည့်နေရာဖြစ်ပြီး နှစ်နိုင်ငံ တပ်ဖွဲ့များ မျက်နှာချင်းဆိုင် တွေ့မြင်နေရသည့် နေရာလည်းဖြစ်သည်။ 

ယခုထွက်ပြေး လွတ်မြောက်လာသူ မြောက်ကိုရီးယား စစ်သား၏ ခန္ဓာကိုယ်ထဲမှ ကျည်ဆန်များကို တောင်ကိုရီးယား ဆရာဝန်များက ဖယ်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်သော်လည်း သတိမရသေးဘဲ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း၊ ၎င်းအနေနှင့် အသက်လည်း ကောင်းစွာ မရှူနိုင်သေးကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိ ဆွန်အွတ်က ပြောကြားသည်။ 

သို့သော် အဆိုပါ စစ်သား၏အသက်ကို ကယ်တင်နိုင်လိမ့်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

ဆရာဝန်များက ကျည်ဆန်ငါးတောင့် ကို ခန္ဓာကိုယ်တွင်းမှ ဖယ်ထုတ်ပေးခဲ့ သော်လည်း နောက်ထပ် ကျည်ဆန် နှစ်တောင့် ကျန်ရှိနေသေးသည်ဟု သံသယ ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ 

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်၏ အဆိုအရ အဆိုပါ စစ်သားသည် ပူးတွဲ လုံခြုံရေးနယ်မြေရှိရာသို့ မော်တော်ကားဖြင့် မောင်းနှင်လာခြင်းဖြစ်သည်။ ကားဘီး ပေါက်သွားသောအခါ ကားအတွင်းမှထွက်ကာ တောင်ကိုရီးယား နယ်စပ် စည်းမျဉ်းရှိရာသို့ ထွက်ပြေးလာကြောင်း၊ ထိုအချိန်တွင် မြောက်ကိုရီးယား အခြား စစ်သားများက ゞင်းကို သဲကြီးမဲကြီး ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းပူးတွဲ စစ်ဦးစီးချုပ်က ဆိုသည်။ 

ထွက်ပြေးသူ စစ်သားမှာ တောင်ကိုရီးယားဘက်ရှိ အဆောက်အအုံတစ်ခုကို အကာအကွယ်ယူကာ ပုန်းခိုနေခဲ့ကြောင်း၊ တောင်ကိုရီးယားတပ်ဖွဲ့များက ၎င်းကို ကယ်တင်ရန် ဝမ်းလျားမှောက် တွားသွားရာမှ ၎င်းရှိရာနေရာသို့ရောက်သွားကြောင်း သိရသည်။

F-01

  • VIA