News

POST TYPE

FOREIGN AFFAIRS

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် ထိကပါး ရိကပါးလုပ်မှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ ဟောလိဝုဒ်တွင် ပြုလုပ်
14-Nov-2017

ဟောလိဝုဒ်၊ နိုဝင်ဘာ ၁၃

အမေရိကန် ပြည်ထောင်စု ဟောလိဝုဒ်တွင် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူများနှင့် ထိကပါး ရိကပါး အလုပ်ခံရသူများကို အားပေးထောက်ခံသည့်အနေနှင့် ချီတက်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ရာ လူရာနှင့်ချီ၍ ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လူမှုကွန်ရက်ပေါ်တွင် #Me Too ဟူသည့် လှုပ်ရှားမှုဖြင့် စတင်ခဲ့သည့် အဆိုပါ ချီတက်ပွဲသို့ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ဆန့်ကျင်သူများနှင့် စော်ကား တိုက်ခိုက်ခံခဲ့ရသူများပါ တက်ရောက်ခဲ့သည်။ 

ထို့ပြင် ယင်းချီတက်ပွဲသည် ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ ဟာဗေဗိုင်းစတိုင်း၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးမှုများနှင့် ကျူးလွန်မှုများကို နာမည်ကျော် အမျိုးသမီး သရုပ်ဆောင်များက ထုတ်ဖော်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ 

ယင်းချီတက်လမ်းလျှောက်ပွဲကို Hollywood Boulevard တွင် စတင်ခဲ့ပြီး CNN ရုပ်သံဌာနရှိရာသို့ Walk of Fame ရှိရာ လမ်းမတစ်လျှောက် ပြုလုပ်ခဲ့သည်။ 

ချီတက်ပွဲ၌ အမျိုးသမီး အများစုက လွှမ်းမိုးထားသော်လည်း အမျိုးသားများလည်း ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။ 

လော့စ်အင်ဂျလိဒ်စ်မှ အသက် ၂၁ နှစ်အရွယ်ရှိ တာရာမက်နာမာရာက ယခုလို လုပ်ဆောင်မှုများကြောင့် လိင်ပိုင်း စော်ကားတိုက်ခိုက်မှုများကို အလေးအနက်ထား ဆန့်ကျင်ရမည်ဟူသော အသိမျိုး ပေါ်ပေါက်ခဲ့ရကြောင်း ပြောကြားသည်။ 

“ကျွန်မဘဝမှာ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်တာတွေ အများကြီး ခံခဲ့ရတယ်။ ဘဝမှာ အဲဒါကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိနေခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။ 

#Mee Too ဟုအမည်ရသည့် hashtag ကို လူမှုရေးတက်ကြွလှုပ်ရှားသူ တာရာနာဘာကီနှင့် နာမည်ကျော် သရုပ်ဆောင် အိုင်လ်ဆာမီလာနိုတို့က ဟာဗေဗိုင်းစတိုင်းနှင့် ပတ်သက်သော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်ပေါ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ 

ဟောလိဝုဒ် ချီတက်ပွဲကို တာရာနာဘာကီက ဦးဆောင်ခဲ့သည်။ “ဟာဗေဗိုင်း စတိုင်းလို လူစားမျိုးတွေလို လိုက်လုပ်တဲ့ ယောက်ျားတွေ အများကြီး ရှိနေတာ သေချာတယ်။ ကျွန်မတို့ အခု ဘာတွေ့ရသလဲဆိုတော့ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံရပေမယ့် ရှေ့ဆက်နိုင်တဲ့လူတွေ ညီညီညွတ်ညွတ် ရှိကြတာ တွေ့ရတယ်။ အားလုံး ဒါမျိုးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိတယ်”ဟု ၎င်းက Facebook ပေါ်၌ ယင်းချီတက်ပွဲ မစတင်မီ ရေးသားဖော်ပြသည်။

F-01


  • VIA