News

POST TYPE

FOREIGN AFFAIRS

ဟာရီရီပြဿနာအတွက် သမ္မတမိုက်ကယ်အောင်းက ဆော်ဒီထံမှ အဖြေတောင်း
13-Nov-2017


ဘေရွတ်၊ နိုဝင်ဘာ ၁၂

ရာထူးမှနုတ်ထွက်သည်ဟု ရီယဒ်မြို့တော်တွင် ကြေညာခဲ့သည့် ဝန်ကြီးချုပ် ဟာရီရီ၏ အခြေအနေကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန် လက်ဘနွန် သမ္မတက ဆော်ဒီအာရေဗီးယားကို တောင်းဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဟာရီရီ၏နုတ်ထွက်စာကို သမ္မတမိုက်ကယ်အောင်းက လက်ခံခြင်းမပြုဘဲ သတိထား၍ ကိုင်တွယ်ရမည်ဟုသာ ပြောဆိုထားသည်။

ဟာရီရီကို ဆော်ဒီတို့က ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု အီရန်နှင့် မဟာမိတ် ဟစ်ဇဘိုလာအဖွဲ့တို့က စွပ်စွဲ ထားသည်။

လက်ဘနွန်တွင် ကိုယ်စားပြုစစ်ပွဲ များကို အသုံးမချကြရန် သက်ဆိုင်ရာ နိုင်ငံများကို အမေရိကန်က သတိပေးထားသည်။

ဒေသတွင်း အင်အားကြီးများ ဖြစ်ကြသည့် ရှီးယားမွတ်ဆလင် အီရန်နှင့် ဆွန်နီမွတ်ဆလင် ဆော်ဒီတို့ ကျွဲနှစ်ကောင် ခတ်သည့်ကြားတွင် လက်ဘနွန် မြေစာပင် ဖြစ်တော့မည်ဟူသော စိုးရိမ်မှုများလည်း ကြီးထွားလာသည်။

ဆွန်နီခေါင်းဆောင် စီးပွားရေး လုပ်ငန်းရှင် ဟာရီရီကို ၂၀၁၆ နိုဝင်ဘာလတွင် အစိုးရဖွဲ့ရန် သမ္မတမိုက်ကယ်အောင်းက ခွင့်ပြုခဲ့သည်။ ဟာရီရီကရာထူးမှ နုတ်ထွက်ကြောင်း နိုဝင်ဘာလ ၄ ရက်တွင် ရီယဒ်မှကြေညာခဲ့ရာ ဒေသတွင်း တုန်လှုပ်သွားခဲ့ကြသည်။

“ဝန်ကြီးချုပ် ဟာရီရီနဲ့ပတ်သက်တဲ့ အခြေအနေတွေဟာ တိကျရှင်းလင်းမှု မရှိတဲ့အတွက် အမှန်တရားကို မထင်ဟပ်နိုင်ပါဘူး”ဟု မိုက်ကယ်အောင်းက မှတ်ချက်ပေးသည်။

ဝန်ကြီးချုပ်ဟာရီရီသည် ပြန်ပေးဆွဲခံရဖွယ်ရှိသောကြောင့် သည်းခံ၍ စောင့်ကြည့်ရမည်ဟု သမ္မတအောင်းက နိုင်ငံခြားသံတမန်များကို သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသော အစိုးရအရာရှိတစ်ဦးက ပြောကြားသွားသည်။

ဟာရီရီသည် လွန်ခဲ့သောတစ်ပတ်က ရာထူးမှ နုတ်ထွက်ကြောင်း၊ အီရန်နှင့် ဟစ်ဇဘိုလာတို့သည် လက်ဘနွန်ကိုသိမ်းရန် ကြိုးစားနေကြောင်း ရီယဒ်ရုပ်သံမှ ပြောဆိုခဲ့ပြီးနောက် စုပ်စမြုပ်စ ပျောက်ဆုံးလျက်ရှိသည်။

သောကြာနေ့ကမူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ဟာရီရီ ဘေးကင်းလွတ်လပ်မှု ရှိသည်ဟု အာမခံ ချက်ပေးမှုကို ရရှိထားကြောင်း ပြောကြားလိုက်ပြီး လက်ဘနွန်သို့ ပြန်ရန် တိုက်တွန်းခဲ့သည်။

ထိုအတောအတွင်း ဟစ်ဇဘိုလာ ခေါင်းဆောင် ဟတ်ဆန်နာဇရယ်လာက ဆော်ဒီအာရေးဗီးယားသည် လက်ဘနွန်ကို စစ်ကြေညာခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ယခင်အပတ်က ယီမင်မှ ဆော်ဒီနိုင်ငံ ရီယဒ်သို့ ဟစ်ဇဘိုလာတို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်ကို အီရန်တို့က ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး အီရန်သည် တိုက်ရိုက်စစ်ရေး ရန်စမှု ပြုလုပ်နေသည်ဟု ဆော်ဒီတို့ဘက်က ပြောကြားခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

F-04

  • VIA