News

POST TYPE

FOREIGN AFFAIRS

ကင်ဂျုံအန်းကို “ငပုဖက်တီး”ဟု ထရမ့်ခေါ်ဆိုပြန်
12-Nov-2017

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂

မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကို အရပ်ပုပြီး ဝတုတ်ဖြစ်နေသူ “ငပုဖက်တီး”ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ဝေဖန်ထိုးနှက်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထရမ့်က ၎င်းသည် ကင်ဂျုံအန်း၏ မိတ်ဆွေဖြစ်ရန် ခဲရာခဲဆစ် ကြိုးပမ်းနေရပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိတ်ဆွေ သူငယ်ချင်း ဖြစ်လာလိမ့်မည်ဟုလည်း ဆိုသည်။ 

“ကင်ဂျုံအန်းက ကျုပ်ကို သက်ကျား အိုကြီးလို့ ဘာလို့ခေါ်မှာတုံး၊ ကျုပ်က သူ့ကို ငပုဖက်တီးလို့ ဘယ်တော့မှခေါ်မှာ မဟုတ်ဘူး။ အင်းလေ၊ ကောင်းပါပြီ။ သူ့ရဲ့ ဘော်ဒါတစ်ယောက်ဖြစ်ဖို့ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားနေပါတယ်။ တစ်နေ့နေ့တော့ ဖြစ်လာမှာပါဗျာ”ဟု ဒေါ်နယ်ထရမ့်က Twitter အကောင့်တွင် ယင်းအတိုင်း ရေးသားသည်။ 

ထရမ့်သည် ယခုအခါ ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည်။ အဆိုပါ ဆွေးနွေးပွဲတွင်ပင် ထရမ့်က တောင်တရုတ်ပင်လယ်ပြင်ပိုင်နက် အငြင်းပွားမှုများအတွက် မိမိအနေနှင့် ကြားဝင်ဖျန် ဖြေပေးသူ တစ်ဦးအနေနှင့် ဆောင်ရွက်ပေးနိုင်သည်ဟု ကမ်းလှမ်းလိုက်သည်။ 

“ကျွန်တော်ဟာ အင်မတန်တော်တဲ့ ကြားဝင် ဖျန်ဖြေရေးသမားတစ်ယောက်ဖြစ်သလို သမာသမတ်ကျတဲ့ ဒိုင်တစ်ယောက်လည်း ဖြစ်ပါတယ်”ဟု ထရမ့်ကဆိုသည်။ 

တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှုတွင် ပါဝင် ပတ်သက်နေကြသည်။ 

“ကျွန်တော့်အနေနဲ့ ကြားဝင် ဖျန်ဖြေပေးလို့ရမယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပါနော်”ဟု ထရမ့်က ဗီယက်နမ် သမ္မတ ထရန်ဒိုင်ကန်ကို ပြောကြားသည်။ 

အဆိုပါ ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင်နှင့်ပတ်သက်၍လည်းကောင်း၊ ရုရှားသမ္မတ ပူတင်နှင့် ဆက်ဆံရေးကိုလည်းကောင်း Twitter အကောင့်မှတစ်ဆင့် အမျိုးစုံ ဝေဖန်ပြောဆိုခဲ့သည်။ 

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံကလည်း အာရှဒေသသို့ ထရမ့် လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ “ငှက်ဆိုးတစ်ကောင်ရဲ့ ခရီးစဉ်”အဖြစ် ဖော်ပြသလို ထရမ့်ကိုလည်း သက်ကျားအို တစ်ဦးအဖြစ် သတ်မှတ်ပြောဆိုသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ မီဒီယာများက ဝေဖန်ရေးသားမှု အမျိုးမျိုး ပြုလုပ်ခဲ့ခြင်းကိုလည်း ထရမ့်က ယခုလို တုံ့ပြန်သည်။ 

“အမုန်းတရားကြီးတဲ့သူတွေနဲ့ အရူးတွေက ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ရုရှားနဲ့ ဆက်ဆံရေးကောင်း တစ်ရပ်ရှိထားတာဟာ ကောင်းတဲ့အရာဖြစ်ပြီး မကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ။ နိုင်ငံရေး ကစားတာတွေက အမြဲရှိနေတာပါပဲ၊ ကျွန်တော်တို့ တိုင်းပြည်အတွက် တကယ်ကို မကောင်းဘူး။ ကျွန်တော့်အနေနဲ့ကတော့ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ယူကရိန်း၊ အကြမ်းဖက်ကိစ္စ စတာတွေကို ဖြေရှင်းချင်တယ်၊ ရုရှားက အကူအညီ အကြီးအကျယ် ပေးနိုင်တယ်လေ”ဟု ရေးသားခဲ့ပြန်သည်။

F-01


  • VIA