News

POST TYPE

FOREIGN AFFAIRS

ဟာရီရီ ပြဿနာအပြီး လက်ဘနွန်တွင် ဖြစ်ပေါ်နေသော ကိုယ်စားပြုစစ်ပွဲများကို တေလာဆန် သတိပေး
12-Nov-2017
နယူးယောက်၊ နိုဝင်ဘာ ၁၁

လက်ဘနွန်ဝန်ကြီးချုပ် ဆက်ဟာရီရီ နုတ်ထွက်မှုဖြင့် အစပြုခဲ့သော ပြဿနာအပြီးတွင် လက်ဘနွန်အပေါ် ကိုယ်စားပြု စစ်ပွဲများ ဆင်နွှဲနေသော နိုင်ငံများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က သတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဟာရီရီသည် ယခင်အပတ်က ဆော်ဒီနိုင်ငံ ရီယဒ်သို့ ရောက်ရှိနေစဉ် နုတ်ထွက်သွားခြင်းဖြစ်သည်။ ဟာရီရီကို ဆော်ဒီတို့က ထိန်းသိမ်းထားပြီး အတင်းအကျပ် နုတ်ထွက်ခိုင်းခြင်းဖြစ်သည်ဟု အီရန်နှင့် ယင်း၏ မဟာမိတ် ဟစ်ဇဘိုလာအဖွဲ့က စွပ်စွဲထားသည်။

ဟာရီရီလွတ်လပ်မှု ရှိသည်ဟူသော အာမခံချက်ကို ရရှိထားသည်ဟု တေလာဆန်က ပြောကြားသည်။

“လက်ဘနွန်မှာ တရားဝင် လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့တွေကလွဲရင် ပြည်ပနိုင်ငံခြားစစ်တပ်၊ တပ်ဖွဲ့တွေအတွက် တရားဝင် နေရာမရှိပါဘူး။ လက်ဘနွန်နိုင်ငံနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာကို အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံပါတယ်”ဟု တေလာဆန်က ပြောကြားသွားသည်။

တေလာဆန်က ဝန်ကြီးချုပ်ဟာ ရီရီအား လက်ဘနွန်သို့ပြန်၍ ရှုပ်ထွေးနေသော အခြေအနေကို ဖြေရှင်းရန် တိုက်တွန်းထားသည်။

တေလာဆန်အနေနှင့် ယင်းပြဿနာကို တုံ့ပြန်ရန် နှောင့်နှေးကာ အချိန် ၆ ရက် ယူခဲ့ရခြင်းကြောင့် အရေးကြီးသော အဆိုပါ ဒေသအတွက် ဝါရှင်တန်တွင် မဟာဗျူဟာ မရှိဟူသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

သမ္မတထရမ့်ကမူ ဆော်ဒီဘုရင် ဆော်လမွန်နှင့် အိမ်ရှေ့မင်းသားကို ယုံကြည်ကြောင်းနှင့် သူတို့ ဘာလုပ်နေ သလဲဆိုသည်ကို တိတိကျကျ နားလည်လိမ့်မည်ဖြစ်ကြောင်း အင်္ဂါနေ့က twitter တွင် ရေးသားထားသည်။

ဝန်ကြီးချုပ် ဟာရီရီနုတ်ထွက်မှုနှင့်ပတ်သက်၍ ဟစ်ဇဘိုလာခေါင်းဆောင် ဟတ်ဆန်နာဇရယ်လာက ဆော်ဒီတို့သည် ဟာရီရီကို ထိန်းသိမ်းထားကြောင်း၊ အစ္စရေးကိုလည်း မြှောက်ပေးနေကြောင်း၊ ယခုကိစ္စသည် လက်ဘနွန်ကို စစ်ကြေညာခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။

ဟာရီရီက ၎င်းအတွက် မှန်းဆ၍ မရသော အသက်အန္တရာယ်များ ရှိနေသောကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ပြီးခဲ့သော စနေနေ့က ရီယဒ်မြို့တော်မှ ရုပ်သံတွင် ပြောကြားခဲ့သည်။ သို့ရာတွင် လက်ဘနွန်သမ္မတ မိုက်ကယ်အောင်းနှင့် အကြီးတန်း တာဝန်ရှိသူများက ၎င်းအား ပြန်လာရန် တောင်းဆိုထားကြသည်။ ၎င်း၏ နုတ်ထွက်စာကိုလည်း သမ္မတ မိုက်ကယ်အောင်းက လက်ခံရရှိခြင်း မရှိသေးပေ။

ဟစ်ဇဘိုလာခေါင်းဆောင် နာဇရယ်လာက ဆော်ဒီတို့သည် လက်ဘနွန်ကို ထိုးစစ်ဆင်ရန်အတွက် အစ္စရေးတို့ကို ဒေါ်လာဘီလီယံပေါင်း များစွာ ပေးချေရန် ပြင်ဆင်နေကြသည်ဟုလည်း စွပ်စွဲပြောဆိုထားသည်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်က ယခုပြဿနာသည် ဒေသတွင်း၌ ဆိုးဝါးသော အကျိုးဆက်များ ဖြစ်ပေါ်စေလိမ့်မည်ဟု သတိပေး ပြောကြားသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကလည်း လက်ဘနွန်တည်ငြိမ်ရေး အရေးကြီးပုံကို ဆော်ဒီခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကြာသပတေးနေ့က ရီယဒ်သို့ သွားရောက်ခဲ့သည်။

ဆော်ဒီနှင့်ပင်လယ်ကွေ့ မဟာမိတ်များက လက်ဘနွန်နိုင်ငံမှ ၎င်းတို့၏နိုင်ငံသားများအား အမြန်ဆုံး ထွက်ခွာကြရန် ကြာသပတေးနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

အီရန်သည် တိုက်ရိုက် စစ်ရေးရန်စမှုများ ပြုလုပ်နေပြီး စနေနေ့က ယီမင်မှ ရီယဒ်သို့ ဟစ်ဇဘိုလာတို့ ပစ်ခတ်ခဲ့သော ဒုံးကျည်ကို အီရန်တို့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆော်ဒီဘက်မှ စွပ်စွဲပြောကြားခဲ့ပြီးနောက် ယခုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်။      

F-04


  • VIA