News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယားရှိ IS အုပ်စုများကို အမေရိကန်နှင့်ရုရှား ပူးပေါင်း နှိမ်နင်းမည်ဟု ထရမ့်နှင့် ပူတင်တို့ သဘောတူ
12-Nov-2017

မော်စကို-ဝါရှင်တန်၊ နိုဝင်ဘာ ၁၁

ဆီးရီးယားနိုင်ငံတွင်းရှိ IS စစ်သွေးကြွများကို အတူ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်ဟု ရုရှားအစိုးရက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှပစိဖိတ် ထိပ်သီး ဆွေးနွေးပွဲ၏ သီးခြား ဆွေးနွေးပွဲတွင် ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံခဲ့ပြီး ဆီးရီးယားရှိ IS စစ်သွေးကြွများကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ရုရှား အစိုးရက ဆိုသည်။ 

သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုဘက်က တရားဝင် အတည်ပြုခြင်း မရှိသေးပေ။ 

ခရင်မလင် (ရုရှားအစိုးရ)၏ အဆိုအရ ဆီးရီးယားနိုင်ငံ ပဋိပက္ခ၌ စစ်ရေးဖြင့် ကောင်းစွာ မဖြေရှင်းနိုင်ခဲ့သည့် အချက်ကိုလည်း ထရမ့်နှင့် ပူတင်တို့ သဘောတူညီခဲ့ကြသည်ဟု သိရသည်။ 

အေပက်ဟုခေါ်သည့် အာရှပစိဖိတ်ဒေသ ထိပ်သီး ဆွေးနွေးပွဲတွင် ထရမ့်နှင့် ပူတင်တို့၏ တွေ့ဆုံမှုကို အများက အထူး အလေးထား စောင့်ကြည့်ခဲ့ကြသော်လည်း ၎င်းတို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်း အနည်းငယ်သာ ထွက်ပေါ်လာခဲ့သည်။ 

ပူတင်နှင့်ထရမ့်တို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားတို့ကြား ဝင်စွက်ဖက်မှုကြောင့် ဟီလာရီ ကလင်တန်နှင့် ဒီမိုကရက်တို့ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာသည့် အချိန်မှစ၍ ထရမ့်နှင့် ပူတင်တို့၏ ဆက်ဆံရေးမှာ အထူးပင် လေ့လာ စောင့်ကြည့်ခြင်း ခံခဲ့ရသည်။ 

ယခု ရုရှားအစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် “ရုရှားနှင့် အမေရိကန် ခေါင်းဆောင် နှစ်ဦးသည် ဆီးရီးယားနိုင်ငံရှိ IS စစ်သွေးကြွအုပ်စုများကို အတူတိုက်ခိုက် ချေမှုန်းရန် ဆုံးဖြတ်ခဲ့ကြပြီး ဂျနီဗာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ နိုင်ငံများအနေနှင့် ယင်းကိစ္စကို ပူးပေါင်းပံ့ပိုးသွားကြရန်လည်း တိုက်တွန်းခဲ့ကြသည်”ဟု ဖော်ပြသည်။ 

ရုရှား Interfax သတင်းအေဂျင်စီ အဆိုအရ ထရမ့်နှင့် ပူတင်တို့သည် ရှိနှင့်ထားပြီးသော ရုရှား-အမေရိကန် စစ်ဘက်ဆက်ဆံရေး လမ်းကြောင်းများကို  ထိန်းသိမ်းထားရန်လည်း ကတိပြုခဲ့ကြသည်ဟု သိရသည်။ 

F-01


  • VIA