News

POST TYPE

FOREIGN AFFAIRS

ဆာတီမြို့ရှိ IS ချေမှုန်းရေးတွင် လစ်ဗျားတို့ အကျအဆုံးများ
30-Aug-2016

ထရီပိုလီ၊ သြဂုတ် ၂၈

လစ်ဗျားနိုင်ငံ ဆာတီဆိပ်ကမ်းမြို့ရှိ  အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ၏ နောက်ဆုံးဖြစ်သော ခြေကုပ်နေရာကို ချေမှုန်းရေးတွင် လစ်ဗျား တိုက်ခိုက်ရေးသမား ၃၄ ဦး သေဆုံးသွားပြီး ၁၈၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကာ အကျအဆုံး များပြားလျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆာတီမြို့ရှိ IS များ ချေမှုန်းရေး ပြီးခဲ့သည့် သုံးလခန့်မှစ၍ အမေရိကန် လေကြောင်းအကူအညီ ရယူပြီး ကုလသမဂ္ဂ အသိအမှတ်ပြုမှု ရရှိထားသည့် လစ်ဗျားအစိုးရမှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

အောင်ပွဲရရန် နီးကပ်နေပြီဟု လစ်ဗျားတပ်မဟာများက ပြောကြားလျက်ရှိသော်လည်း IS များ၏ အသေခံဗုံးခွဲမှုများ၊ လက်ဖြောင့်ပစ်ခတ်မှုများ၊ လမ်းဘေးမိုင်းများရန်ကို ကြုံတွေ့နေရကာ အကျအဆုံး များပြားလျက်ရှိသည်။

လစ်ဗျားတိုက်ခိုက်ရေးသမားများက တင့်ကားများ၊ ဒုံးပစ်လောင်ချာများနှင့် လေယာဉ်ပစ် စက်သေနတ်များ အသုံးပြုကာ IS လက်ဖြောင့်သေနတ်သမားများ ပုန်းအောင်းရာ နေရာများကို ချေမှုန်းလျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း၌မူ IS တိုက်ခိုက်ရေးသမားများ၏ ဇနီးများနှင့် ကလေးများ တိုက်ပွဲဇုန်မှ ထွက်ခွာနိုင်ရေး အစိုးရတပ်ဖွဲ့ဝင်များက အချိန်ပေးလိုက်သဖြင့် တိုက်ခိုက်မှုများ ခဏတာ ရပ်ဆိုင်းသွားခဲ့သည်။

လူဦးရေ ၈၀,၀၀၀ ခန့်ရှိသည့် ဆာတီ မြို့ကို IS များက ပြီးခဲ့သည့်နှစ်အတွင်း ထိန်းချုပ်လိုက်ချိန်မှစ၍ မြို့ခံအားလုံးနီးပါးမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး မြို့မှာလည်း IS များ၏ အခိုင်အမာစခန်း ဖြစ်လာကာ အနီးပတဝန်းကျင်ရှိ ကမ်းရိုးတန်းဒေသ ၁၅၅ မိုင်ကို လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။

အဆိုပါမြို့တွင်းရှိ IS အခိုင်အမာ နေရာများနှင့် ယာဉ်များကို ချေမှုန်းနိုင်ရန် အမေရိကန်ပြည်ထောင်စုက လေကြောင်းတိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။
မြို့တွင်းရှိ IS တိုက်ခိုက်ရေးသမားများစွာသည် စစ်ဆင်ရေး မစတင်ခင် မေလမှ စတင်ပြီး ထွက်ပြေးသွားပြီဟု အချို့သော လစ်ဗျားတပ်မှူးများက မှတ်ချက်ချထားသည်။