News

POST TYPE

FOREIGN AFFAIRS

အပြီးသတ် အပစ်အခတ်ရပ်ဆဲရေး FARC သူပုန်အဖွဲ့ ထုတ်ပြန်
30-Aug-2016

ဘိုဂိုတာ၊ သြဂုတ် ၂၉

ကိုလံဘီယာ လက်ဝဲသူပုန်အဖွဲ့ FARC က အပြီးသတ် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်လိုက်ပြီး တနင်္လာနေ့ ညလယ်မှစ၍ အပစ်ရပ်ရန် တိုက်ခိုက်ရေးသမား အားလုံးကို အမိန့်ပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အပစ်အခတ် ရပ်စဲလိုက်သဖြင့် ၅၂ နှစ်ကြာ ဖြစ်ပွားလျက်ရှိသည့် ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး သောင်းကျန်းမှု ရပ်ဆိုင်းသွားမည် ဖြစ်သည်။

ကျူးဘားနိုင်ငံ၌ ကိုလံဘီယာ အစိုးရနှင့် FARC သူပုန်ကိုယ်စားလှယ်များ လေးနှစ်ကြာ ဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲလိုက်ခြင်း ဖြစ်ကာ လာမည့် ရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

“ကိုလံဘီယာ နိုင်ငံတော်ကို ရန်လိုတိုက်ခိုက်တာတွေကို ဒီနေ့ကစပြီး ရပ်ဆိုင်းဖို့နဲ့ ပစ်ခတ်မှုကို အပြီးသတ်ရပ်ဆိုင်းဖို့ ကျွန်တော်တို့ရဲ့တပ်မှူးတွေ၊ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရေးသမား တစ်ဦးစီကို အမိန့်ပေးထားပါတယ်” ဟု လက်ဝဲသူပုန်အဖွဲ့ ခေါင်းဆာင် ရိုရီဂိုလွန်ဒိုနိုက ပြောကြားလိုက်သည်။

FARC သူပုန်များကို စစ်ဆင်တိုက်ခိုက်နေမှု ရပ်ဆိုင်းပေးရန်လည်း ကိုလံဘီယာသမ္မတ မန်နျူရယ်ဆန်းတို့က အစောပိုင်းတွင် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။

ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကျူးဘားမြို့တော် ဟာဗားနာတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်လိုက်ပြီး စက်တင်ဘာလအတွင်း FARC တိုက်ခိုက်ရေးသမားများက အတည်ပြုပေးရမည် ဖြစ်သလို အောက်တိုဘာ ၂ ရက်နေ့တွင် ကိုလံဘီယာနိုင်ငံ၌ သဘောတူညီချက်အပေါ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပသွားမည် ဖြစ်သည်။

ယင်းသဘောတူညီချက်အရ FARC သူပုန်အဖွဲ့က လက်နက်ကိုင်တော်လှန်မှုကို စွန့်ပယ်ကာ ဥပဒေဘောင်တွင်းရှိ နိုင်ငံရေးလုပ်ငန်းစဉ်၌ ပူးပေါင်းရမည် ဖြစ်သည်။

ကိုလံဘီယာ ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် FARC အဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အင်အားအကောင်းဆုံးဖြစ်သည့် ၂၀၀၂ ခုနှစ်တွင် လက်နက်ကိုင်ဦးရေ ၂၀,၀၀၀ အထိရှိကာ နိုင်ငံဧရိယာ သုံးပုံတစ်ပုံကို ထိန်းချုပ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အဆုံးရွားဆုံးသော စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျူးဘားမြို့တော်၌ ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ကာ ၂၀၁၆ ခုနှစ်တွင် အပြီးသတ် အပစ်အခတ်ရပ်စဲမှု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။