POST TYPE

FOREIGN AFFAIRS

တူရကီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သား ၃၅ ဦး သေဆုံး
29-Aug-2016

ဒမ္မစကတ်၊ သြဂုတ် ၂၈

ဆီးရီးယား မြောက်ပိုင်းတွင် တူရကီ အထောက်အပံ့ခံ ဆီးရီးယား သူပုန်တပ်ဖွဲ့များက ကာ့ဒ်တပ်ဖွဲ့များ ဦးဆောင်သည့်  တပ်ဖွဲ့ဝင်များ၏ လက်မှ မြို့တစ်မြို့နှင့် ကျေးရွာ လေးခုထက်မနည်း သိမ်းပိုက်ခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။ 

တူရကီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အဆိုပါ ဧရိယာ အတွင်းရှိ အရပ်သား ၃၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်းလည်း စစ်ပွဲသတင်းများအရ သိရသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဂျုဘ်-အယ်လ်-ကိုဆာရွာရှိ ဆီးရီးယားလူ ၂ဝ ခန့် သေဆုံးခဲ့ရပြီး ကာ့ဒ်တို့ ကျောထောက်နောက်ခံ ပေးထားသည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစုနှင့် မဟာမိတ် ဖွဲ့ထားသည့် စစ်သွေးကြွအဖွဲ့ ထိန်းချုပ်နယ်မြေတွင်လည်း လူ ၅ဝ ခန့် ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။ 

အယ်လ်-အာမာနာ မြို့အနီး လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း အရပ်သား ၁၅ ဦး သေဆုံးပြီး ၂ဝ ခန့် ဒဏ်ရာ ရခဲ့ကြောင်း ယင်းစောင့်ကြည့်အဖွဲ့ကပင် ထုတ်ပြန်သည်။

တူရကီနိုင်ငံပိုင် အနာဒိုလူသတင်း ဌာနကမူ သေဆုံးခဲ့သည့် ကာ့ဒ် စစ်သွေးကြွများမှာ တူရကီအခြေစိုက် ကာဒစ္စတန် အလုပ်သမားပါတီ (PKK) နှင့် ဆီးရီးယားရှိ ကာ့ဒ် လူမျိုးများ၏ ဆီးရီးယား ဒီမိုကရက်တစ် ယူနီယံပါတီ(PYD) တို့မှ အကြမ်းဖက်သမားများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တူရကီ စစ်တပ်သည် ဆီးရီးယား သူပုန်တပ်ဖွဲ့များအနက်မှ မဟာမိတ်များနှင့် ပူးပေါင်းကာ နယ်စပ်ရှိ ဂျာရာဘလုစ်မြို့မှ IS တပ်ဖွဲ့များကို သာမက အမေရိကန် မဟာမိတ် ကာ့ဒ်တပ်ဖွဲ့များကိုပါ တိုက်ထုတ်ရန် စစ်ဆင်နေခဲ့ရာ ငါးရက်တာမျှ ကြာမြင့်နေပြီ ဖြစ်သည်။

တူရကီ သမ္မတ ရီဆက်တာယစ် အာဒိုဂန် ကမူဂျရာဘလုစ်မှ IS တပ်များကို မောင်းထုတ်နိုင်ခဲ့ခြင်းကြောင့် ဒေသခံများ ပြန်ရောက်လာကြပြီ ဖြစ်သည်ဟု ပြောကြားထားသည်။

ဆီးရီးယား သူပုန်များရော၊ ကာ့ဒ် တပ်ဖွဲ့များပါ IS ကို တိုက်ခိုက်ကြသူများ ဖြစ်သလို ကာ့ဒ်တို့ ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစုသည်လည်း သူပုန်အဖွဲ့ အချို့နှင့် ပူးပေါင်းပြီး ဆီးရီးယား အစိုးရကို တော်လှန်နေကြခြင်း ဖြစ်သည်။ 

သို့ရာတွင် အမေရိကန် အထောက်အပံ့ရသော ကာ့ဒ်တပ်များက ဆီးရီးယားတွင် နယ်မြေ အခိုင်အမာ တည်ဆောက်လာရာ ယင်းအခြေအနေကို မလိုလားသော တူရကီက သူလိုလားသည့် သူပုန်အဖွဲ့များနှင့် ပေါင်းပြီး IS ကိုသာမက ကာ့ဒ်တို့ကိုပါ တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အပြီး နိုင်ငံသစ်များ ပေါ်ထွက်လာချိန်တွင် လူဦးရေ များပြားသလို နယ်မြေ တစ်ဆက်တစပ်တည်းရှိသည့် ကာ့ဒ်ဒေသမှာ အခြားနိုင်ငံများထဲသို့ ခွဲခြမ်း ရောက်ရှိ သွားခဲ့သည်။ 

တူရကီ အရှေ့တောင်ပိုင်း၊ အီရန် အနောက်ပိုင်း၊ အီရတ် မြောက်ပိုင်း၊ ဆီးရီးယား မြောက်ပိုင်းတို့တွင် ကွဲပြား ရောက်ရှိ သွားခဲ့သည်။ 

IS အင်အားကောင်းလာပြီး နယ်မြေ သိမ်းပိုက်မှုများ ပြုလုပ်လာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များက IS ကို တိုက်ထုတ်ပြီး ကာ့ဒ် နယ်နိမိတ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခိုင်အမာ တည်ဆောက် လာခဲ့သည်။

တူရကီတွင်လည်း ကာ့ဒ်လူမျိုး အများအပြား ရှိနေပြီး ကာဒစ္စတန် အလုပ်သမားပါတီ (PKK) ကို အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသလို တူရကီ ပိုင်နက်အတွင်းမှ ကာ့ဒ် လူများစု နေထိုင်ရာ နယ်များ ခွဲထွက်ရေးကို လုံးဝ လက်ခံခြင်း မရှိပေ။

ယခုအခါ IS လက်မှ ပြန်သိမ်းသော နယ်မြေများဖြင့် ကာ့ဒ်တို့က ဆီးရီးယား ဘက်ခြမ်း တူရကီ နယ်စပ်တစ်လျှောက်တွင် တစ်ဆက်တည်း ပိုင်နက် တည်ဆောက်ရန် ကြိုးပမ်းလာနေရာ တူရကီတပ်များက ဆီးရီးယား နယ်နိမိတ်အတွင်း ဝင်ရောက်ပြီး IS ကို သာမက ကာ့ဒ်တပ်များကိုပါ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

တူရကီ၏ တိုက်ခိုက်မှုများမှာ အမေရိကန် ထောက်ပံ့ ပေးထားသော ကာ့ဒ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (YPG) ကိုပါ ပစ်မှတ် ထားလာခြင်းကြောင့် အမေရိကန်က စိုးရိမ်ပူပန် လာခဲ့သည်။

YPG တပ်များသည် IS ကို တိုက်ခိုက်ရာတွင် အထိရောက်ဆုံး မဟာမိတ်များ ဖြစ်သည်ဟု အမေရိကန်က သတ်မှတ်ထားချိန်တွင် တူရကီက YPG တပ်များ IS လက်မှ သိမ်းထားသည့် နယ်စပ်ဒေသ အားလုံး လက်လွှတ်ရန် တောင်းဆိုထားရာ အခြေအနေများ ရှုပ်ထွေး လာခဲ့သည်။ 

  • VIA