News

POST TYPE

FOREIGN AFFAIRS

ကမ္ဘာပေါ်တွင် အသုံးမဝင်ဆုံးသော စိန့်ဟယ်လီနာလေဆိပ်သို့ ခရီးသည်တင်လေယာဉ် ပထမဆုံး ဆင်းသက်ရန် ဗြိတိန်စီစဉ်
14-Oct-2017


လန်ဒန်၊ အောက်တိုဘာ ၁၄ 

အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းရှိ စိန့်ဟယ်လီနာ အမည်ရ ဗြိတိန်ကျွန်း၌ ရှိသော လေဆိပ်မှာ ကမ္ဘာပေါ်၌ အသုံးမဝင်ဆုံးသော လေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ခရီးသည်တင် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အဆိုပါလေဆိပ်သို့ စတင် ဆင်းသက်နိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်အာဖရိကမှလာမည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆိုပါ ပြန်လည် ပြုပြင်ထားသော အဆိုပါလေဆိပ်သစ်ဆီသို့ ပထမဆုံးအကြိမ် ဆင်းသက်တော့မည်ဖြစ်သည်ဟု သတင်းကဆိုသည်။ 

လေဆိပ်ဝန်ဆောင်မှုကို ဗြိတိန်အစိုးရက ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး စိန့်ဟယ်လီနာကျွန်း၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်လည်း ရည်ရွယ်ထားသည်။ 

သို့သော် ဗြိတိန်မီဒီယာများက အဆိုပါလေဆိပ်ကို ကမ္ဘာပေါ်တွင် အသုံးမဝင်ဆုံးသော လေဆိပ်အဖြစ် သတ်မှတ်ဖော်ပြကြသည်။ 

ယခုလေဆိပ်သစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်၍ စိန့်ဟယ်လီနာ ကျွန်းအနေနှင့် ယခင်ရေကြောင်းခရီးလမ်းကိုသာ မှီခိုနေခဲ့ရမှုကို လျှော့ချနိုင်တော့မည်လည်း ဖြစ်သည်။
 
လေဆိပ်သစ်ကို ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ဒေါ်လာသန်း ၃၈၀ အကုန်အကျခံကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သော်လည်း အန္တရာယ်ရှိသည့် လေတိုက်နှုန်းများကြောင့် သတ်မှတ်ချိန်ထက် နောက်ကျကာ ဖွင့်လှစ်ခဲ့ရသည်။ 

သို့သော် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အပတ်စဉ် တောင်အာဖရိကနိုင်ငံ ဂျိုဟန်စ်ဘဂ်မြို့နှင့် စိန့်ဟယ်လီနာကျွန်းအကြား လေယာဉ်ပြေးဆွဲမည်ဆိုပါက လုံခြုံစိတ်ချမှုရှိကြောင်း တွေ့ရှိခဲ့သည်။ 

စိန့်ဟယ်လီနာကျွန်းသည် ပြင်သစ် စစ်ဘုရင် နပိုလီယန်ပိုနာပတ် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ဖူးကြောင်း၊ ၁၈၁၅ ခုနှစ် ဝါတာလူး စစ်ပွဲအပြီး အရေးနိမ့်ခဲ့ပြီးနောက် ထိုကျွန်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

“အခုလို ခရီးသည်တင် လေယာဉ်တစ်စီး (စီးပွားရေးလေယာဉ်) ပထမဆုံး ဆင်းသက်မယ်ဆိုတာ သိရတော့ စိန့်ဟယ်လီနာကျွန်းအတွက် သမိုင်းစာမျက်နှာ သစ်တစ်ခုကို ဖွင့်လှစ်နိုင်တာပါပဲ။ အဲဒီ လေယာဉ်ကို ဒီမှာရှိတဲ့သူတွေ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုကြမှာပဲ ဖြစ်ပါတယ်”ဟု စိန့်ဟယ်လီနာကျွန်း အုပ်ချုပ်ရေးမှူး လီဆာဖိလစ်က ပြောကြားသည်။ 

စိန့်ဟယ်လီနာကျွန်းတွင် နေထိုင်သူ လူဦးရေမှာ ၄၂၅၅ ဦးသာရှိပြီး ယင်းကျွန်းသည် ဗြိတိန်နိုင်ငံက ပေးအပ်သော နှစ်စဉ် ဘဏ္ဍာရေး အကူအညီ ပေါင် ၂၅ သန်းကို မှီခိုအားထားနေရသည်။ သို့သော် ယခုအချိန်မှစ၍ လေယာဉ်များ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ရာ အဆိုပါကျွန်းအနေနှင့် ကိုယ်ပိုင်ခရီးသွား လုပ်ငန်းအပေါ် မှီခိုနိုင်တော့မည်ဖြစ်သည်။          

F-01

  • VIA