News

POST TYPE

FOREIGN AFFAIRS

နျူကလီးယားသတင်း ထုတ်လွှင့်ခဲ့သော NBC သတင်းဌာနကို ထရမ့်ခြိမ်းခြောက်
13-Oct-2017


ဝါရှင်တန်၊ အောက်တိုဘာ ၁၂

အမေရိကန်သမ္မတ ထရမ့်က ၎င်းအား မလိုတမာ သတင်းဖော်ပြခဲ့သော NBC နှင့် အခြားသတင်းဌာနများ၏ မီဒီယာလိုင်စင်ကို ခြိမ်းခြောက်မည့် အလားအလာကို တိုးမြှင့်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိက၏ နျူကလီးယားလက်နက်တိုက်ကို ထရမ့်ကဆယ်ဆ တိုးချဲ့ချင်နေသည်ဟု ဖော်ပြခဲ့ခြင်းကြောင့် NBC ကို ထရမ့်က ပစ်မှတ်ထားလာခဲ့ပြီး “သတင်း အတုတွေ၊ အဖြီးအဖြန်းတွေ”ဟု ထိုသတင်းကို မှတ်ချက်ပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့က twitter တွင် ထရမ့် က “NBC ကနေ သတင်းအတုတွေ ထွက် နေတာဆိုတော့ သူတို့ရဲ့လိုင်စင်ကို ကိုင်ဖို့အတွက် ဘယ်အချက်က သင့်တော်မလဲ။ နိုင်ငံအတွက် အနှောင့်အယှက်ဆိုရင်ကော”ဟု ရေးသားထားသည်။

ထိုနေ့က ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကို ကြိုဆိုဧည့်ခံခဲ့သော ထရမ့်က NBC သတင်းကို ငြင်းဆိုခဲ့ပြီး “သတင်းဌာနတွေက သူတို့ရေးချင်တာကို ရေးနိုင်တယ် ဆိုတဲ့ပုံစံ ချိုးနေကြတာပါ။ ပြည်သူတွေက ချင့်ချိန်ပြီး ယုံကြပေါ့”ဟု ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်တိုက်ကို တိုးချဲ့ချင်သလားဟု မေးမြန်းသောအခါ ထရမ့်က “ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုမှာ ထိန်းသိမ်းထားချင်တယ်လို့ပဲ ပြောခဲ့တာပါ။ အခုထက် ဆယ်ဆချဲ့ချင်တယ်လို့ သူတို့က ရေးကြတယ်။ မဟုတ်ပါဘူး။ လုံးဝ မလိုအပ်ပါဘူး။ ကျုပ်ကိုယုံပါ။ ကျုပ်က အကောင်းဆုံး ထိပ်ဆုံး အခြေအနေမှာ ရှိနေအောင် မွမ်းမံပြင်ဆင်ထားချင်တာပါ”ဟု ဖြေကြားသည်။

ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကလည်း “အမေရိကန် နျူကလီးယား လက်နက်အင်အားကို သမ္မတကြီးက တိုးချဲ့ချင်တယ်ဆိုတဲ့သတင်းဟာ မှားယွင်းပါတယ်။ ဒီလိုသတင်းမှားတွေက တာဝန် မယူတဲ့ အမျိုးအစားတွေပါ”ဟု ပြောကြားသည်။

သမ္မတအိုဘားမား လက်ထက်က အစိုးရ ကျင့်ဝတ်ရေးရာ ဌာနမှူး ဝေါ်လ်တာ ရှောက်က “ဒီမိုကရေစီထွန်းကားမှု ရပ်တန့်သွားမယ့်နေရာကို ဦးတည်နေပါတယ်”ဟု မှတ်ချက်ပေးသည်။ သတင်းထောက်များ အကာအကွယ်ပေးရေး ကော်မတီကလည်း အမေရိကန်သမ္မတ၏ မှတ်ချက်သည် အခြား ကမ္ဘာ့ခေါင်းဆောင်များအတွက် ဆိုးဝါးသော နမူနာတစ်ခု ဖြစ်သည်ဟု ပြောကြားသည်။

ဇူလိုင်လအတွင်းက ပင်တဂွန်တွင် ကျင်းပသော အစည်းအဝေးတွင် ၁၉၆၀ နောက်ပိုင်း အမေရိကန် နျူကလီးယား ဒုံးကျည်အင်အား လျော့ကျလာမှု ပုံညွှန်းကို ကြည့်ရှုပြီးနောက် အင်အားတိုးချဲ့ရန် ထရမ့်က တိုက်တွန်းခဲ့ရာ အစည်းအဝေး တက်ရောက်သော ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီး ရက်စ် တေလာဆန် အပါအဝင် ထိပ်တန်းအရာရှိကြီးများ အံ့အားသင့်သွားခဲ့သည်ဟု NBC သတင်းက ရေးသားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဘက်မလိုက် လက်နက် ထိန်းချုပ်ရေး အဖွဲ့အစည်း၏ အဆိုအရ အမေရိကန်တွင် နျူကလီးယားလက်နက် ၇၁၀ဝ နှင့် ရုရှားတွင် နျူကလီးယားလက် နက် ၇၃၀ဝ ရှိသည်ဟု သိရှိရသည်။

အမေရိကန် သတင်းဌာနများကို ကိုင်တွယ်ရသော ဖက်ဒရယ် ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ကော်မရှင်သည် သတင်းဌာန ကွန်ရက်တစ်ခုလုံးအပြင် ပြည်တွင်း သတင်းဌာနခွဲများကိုပါ လိုင်စင် ထုတ်ပေးခြင်းဖြစ်သည်။ NBC တွင် ပြည်တွင်းသတင်းဌာနခွဲပေါင်း ၃၀ နီးပါးရှိသည်။

အဆိုပါသတင်း မမှန်ကန်မှုဟူသောအချက်ပေါ်တွင် အခြေခံ၍ လိုင်စင်ကိုသိမ်းရန် ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။          

F-04

  • VIA