POST TYPE

FOREIGN AFFAIRS

တောင်တရုတ်ပင်လယ်တွင်းရှိ တရုတ်ပိုင်သည်ဆိုသော ကျွန်းအနီးမှ အမေရိကန်စစ်သင်္ဘော ခုတ်မောင်း
ဝါရှင်တန်၊ အောက်တိုဘာ ၁၁

တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ပိုင်သည်ဟု ကြေညာထားသော အငြင်းပွားကျွန်းများအနီးမှ အမေရိကန် ရေတပ်ဖျက် သင်္ဘောတစ်စင်း အောက်တိုဘာလ ၁၀ ရက်နေ့က ခုတ်မောင်းခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူသုံးဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။

သမ္မတထရမ့်အစိုးရသည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စီမံကိန်းကို ဟန့်တားရန် တရုတ် အကူအညီ ရယူနိုင်ရေး ကြိုးစားနေသော်လည်း တောင်တရုတ်ပင်လယ်အရေးအတွက် တရုတ်၏ရပ်တည်ချက်ကို လက်မခံကြောင်း ပြသလိုက်သည့် သဘောလည်းဖြစ်သည်။

မဟာဗျူဟာကျသည့် ရေလမ်းကြောင်းများတွင် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရှိရေးဆိုသော ဝါရှင်တန်၏ သဘောထားကို ဖော်ပြသည့်လုပ်ရပ်လည်း ဖြစ်သည်။ သို့သော်လည်း ထရမ့် အာဏာရခါစက အလားတူ ဖြတ်သန်းမှုများလောက် အနီးကပ် စိန်ခေါ်သည့်ပုံစံမျိုး မရှိဟု ဆိုသည်။

ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Chafee သည် ပရာဆဲလ်ကျွန်းစုအနီး “အဏဏဝါပိုင်နက် အလွန်အကျွံ ရယူမှုကို ဆန့်ကျင်သည့် ခုတ်မောင်းဖြတ်သန်းမှု ဆောင်ရွက်ခဲ့သည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူများက Reuters သတင်းဌာနကို ပြောကြားသည်။

တရုတ်သည် ပရာဆဲလ်ကျွန်းစုရှိ  ကျွန်းငယ်များ၊ ကျောက်တန်းများ၊ သဲသောင်ခုံများ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားနေသည်။

ယင်းကိစ္စအတွက် တရုတ်ဘက်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ပရာဆဲလ်ကျွန်းများသည် တရုတ်ပိုင်ဖြစ်သည်ဆိုသော ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်းယင်က ပြောကြားသည်။

“တရုတ်ဘက်က ရေယာဉ်တွေနဲ့ စစ်ဂျက်လေယာဉ်တွေ လွှတ်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးစေခဲ့သလို အဲဒီရေယာဉ်ကိုလည်း သတိပေးပြီးထွက်ခွာဖို့ ညွှန်ကြားခဲ့ပါတယ်”ဟု ဟွာချွန်းယင်က ပြောကြားသည်။

“တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်တွေနဲ့ ရေကြောင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရုတ်ဘက်ကတော့ ဆက်လုပ်သွားမှာပါ။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ အချုပ်အခြာပိုင် နယ်နိမိတ်နဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို လေးစားလိုက်နာဖို့၊ တောင်တရုတ် ပင်လယ်အတွင်းမှာ ငြိမ်းချမ်းတည်ငြိမ်ဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးစားအားထုတ်မှုကို လေးစားပေးဖို့၊ ဒီလိုမျိုး မှားယွင်းတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က သတိပေးခဲ့သည်။

လာမည့်လတွင် ထရမ့်သည် အာရှသို့ သမ္မတအဖြစ် ပထမဆုံးခရီးစဉ် လာရောက်မည်ဖြစ်ကာ တရုတ်နိုင်ငံသို့လည်း ဝင်ရောက်မည်ဖြစ်ပြီး မြောက်ကိုရီးယားအရေး ဖိအားပေးမည်ဟု မျှော်လင့်ရသည်။ တရုတ်သည် မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ 

F-03