POST TYPE

FOREIGN AFFAIRS

ကလေးသတို့သမီးနှင့် လိင်ဆက်ဆံမှုကို မုဒိမ်းမှုအဖြစ် အိန္ဒိယတရားရုံးချုပ် သတ်မှတ်

နယူးဒေလီ၊ အောက်တိုဘာ ၁၁

အိန္ဒိယတွင် ခင်ပွန်းသည်နှင့် အရွယ် မရောက်သေးသော ဇနီးမယားတို့ လိင်ဆက်ဆံမှုကို ခွင့်ပြုပေးထားသော ဥပဒေမှာ တရားမဝင်ဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကလေးသတို့သမီးနှင့် လိင်ဆက်ဆံမှုကို မုဒိမ်းမှုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယ၏ မုဒိမ်းမှုနှင့်ပတ်သက်သော ဥပဒေတွင်ပါဝင်သော ယင်းပုဒ်မခွဲအရ ဇနီးဖြစ်သူမှာ အသက် ၁၅ နှစ်ကျော်လျှင် ခင်ပွန်းသည်က လိင်ဆက်ဆံခွင့်ပြုထားခဲ့သည်။ အိန္ဒိယတွင် ပုံမှန်အားဖြင့် အသက် ၁၈ နှစ်ပြည့်မှသာ လိင်ဆက်ဆံရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသော်လည်း အိမ်ထောင်ချပေးထားပါကမူ အဓမ္မ လိင်ဆက်ဆံလျှင်ပင် ပြစ်မှုကျူးလွန်ရာ မရောက်ခဲ့ပေ။  

တရားရုံး၏ ဆုံးဖြတ်ချက်ကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ချီးကျူးခဲ့ကြသည်။ သို့သော်လည်း ဆုံးဖြတ်ချက်မှာ အာဏာ သက်ဝင်ရန်မူ ခက်ခဲသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

စီရင်ချက်အရ အသက် ၁၈ နှစ် မပြည့်သေးသည့် မိန်းကလေးများသည် ခင်ပွန်းသည်၏ အဓမ္မ လိင်ဆက်ဆံမှုနှင့် ကြုံတွေ့ရပါက တစ်နှစ်အတွင်း တိုင်ကြားနိုင်သည်ဟု သိရသည်။ သို့သော်လည်း ကလေးသူငယ် လက်ထပ်ထိမ်းမြားပေးသည့်ဓလေ့ အားကောင်းနေဆဲ တိုင်းပြည်တစ်ပြည်တွင် ယင်းအမိန့်ကို အကောင်အထည်ဖော်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။

“တရားရုံးတွေ၊ ရဲဌာနတွေက လူတွေရဲ့ အိပ်ခန်းထဲအထိ လိုက်မကြည့်နိုင်ဘူး။ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက် သူ့မိဘတွေ ပေးစားလို့ လက်ထပ်ထားရပြီးမှ သူ့ယောက်ျားကို တရားစွဲဖို့ ဘယ်က သတ္တိနဲ့ ရဲစခန်းတို့ တရားရုံးတို့ သွားနိုင်မှာလဲ”ဟု ဘီဘီစီ သတင်းထောက် ဂီတားပန်ဒေးက သုံးသပ်သည်။

ကလေးသူငယ် လက်ထပ်ထိမ်းမြားပေးမှုသည် ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ် ခေါင်းပါးမှု တိုက်ဖျက်ရေး၊ လူတိုင်းအတွက် အခြေခံပညာရေး၊ ကျားမသာတူညီမျှရေး၊ ကလေးသူငယ်များ၏ အသက်အန္တရာယ် ကာကွယ်ရေး၊ အမျိုးသမီး ကျန်းမာရေး မြှင့်တင်ရေးဆိုသော ဖွံ့ဖြိုးရေး ရည်မှန်းချက် တိုင်းအတွက် အတားအဆီး ဖြစ်နေသည်ဟု အိန္ဒိယအစိုးရက သုံးသပ်ထားသည်။

F-03